ကျောက်တံတားမြို့နယ်ရှိ ကြိုက်တာယူ ကျပ် ၅၀၀၀ ဆိုင်လေးဆိုင်အား စစ်ဆေးရာ နှစ်ဆိုင်တွင် မြန်မာစကားမတတ်သည့် တရုတ်လူမျိုးများ တရားမ၀င်သဘောမျိုး လုပ်ကိုင်နေကြောင်း တွေ့ရှိခဲ့ဟုဆို
ရန်ကုန်မြို့လယ် ကျောက်တံတား မြို့နယ်အတွင်းရှိ ကြိုက်တာယူ ကျပ် ၅၀၀၀ ဆိုင်လေးဆိုင်အား တရားမ၀င် တရုတ်လူမျိုး အလုပ်သမားများ ရှိ၊ မရှိ ၀င်ရောက်စစ်ဆေးရာ နှစ်ဆိုင်တွင် မြန်မာစကားပင် မတတ်သည့် တရုတ်လူမျိုးများမှာ တရားမ၀င်သဘောမျိုးဖြင့် အလုပ်လုပ်ကိုင်နေကြောင်း ကျောက်တံတားမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ပြောကြားသည်။
အဆိုပါ ဆိုင်လေးဆိုင်ကို ဒီဇင်ဘာ ၇ ရက် နံနက် ၁၀ နာရီခွဲမှ ၁၁ နာရီ ၄၅ မိနစ်ခန့်အထိ ၀င်ရောက် စစ်ဆေးခဲ့ခြင်းဖြစ်ပြီး စစ်ဆေးရာတွင် လ၀က၊ ထွေအုပ်၊ အခွန်၊ မီးသတ်၊ စည်ပင် စသည့်ဌာနများမှ တာဝန်ရှိသူများနှင့် ကျောက်တံတားမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာတို့ ပါဝင်ကြောင်း သိရသည်။
ယင်းသို့ ၀င်ရောက်စစ်ဆေးရာတွင် အနော်ရထာလမ်းပေါ် (၃၅ လမ်းနှင့် ၃၆ လမ်းကြား) ရှိဆိုင်တစ်ဆိုင်တွင် တရုတ်လူမျိုး နှစ်ဦးတွေ့ရှိခဲ့ပြီး ၎င်းတို့မှာ Business Visa နှင့်မဟုတ်ဘဲ Social Visa ဖြင့် လုပ်ကိုင်ကြခြင်းဖြစ်ကြောင်း၊ ၎င်းတို့သည် မြန်မာစကားပင်မတတ်ဘဲ အဆိုပါဆိုင်ရှိ မြန်မာအလုပ်သမားများမှာ လစာကျပ် ၁၀၀၀၀၀ ကျော်သာ ရရှိသော်လည်း အဆိုပါတရုတ်လူမျိုးများကို လစာကျပ် ၇၀၀၀၀၀ ပေး၍ ငှားထားခြင်းဖြစ်ကြောင်း ဒေါ်ကြည်ပြာက ဆိုသည်။
“ပြီးတော့ သူတို့ရဲ့ တာဝန်ခံဆိုသောသူတွေ၊ ဆိုင်ပိုင်ရှင်တွေလည်း မရှိဘူး။ သူတို့ကိုလစာလည်း ကျပ် ၇၀၀၀၀၀ ပေးပြီး ငှားထားတယ်။ အစ်မတို့လူမျိုး အလုပ်သမားတွေကျတော့ ၁၀၀၀၀၀ ကျော်ပဲရတယ်။ သူတို့ကို လစာကျပ် ၇၀၀၀၀၀ နဲ့ဘာကြောင့်များ တကူးတက ခေါ်ထားသလဲ။ သူတို့က မြန်မာစကားလည်း မတတ်ဘူး။ ပြီးတော့ Social Visa နဲ့လာပြီး စီးပွားလာလုပ်နေတဲ့ ပုံစံပေါ့”ဟု ဒေါ်ကြည်ပြာက ပြောကြားသည်။
အလားတူ အနော်ရထာလမ်းပေါ် ၃၉ လမ်းထိပ်ရှိ ဆိုင်တွင်လည်း တရုတ်လူမျိုး အမျိုးသမီးနှစ်ဦးကို တွေ့ရှိခဲ့ပြီး တစ်ဦးသာ Business Visa ဖြင့်လုပ်ကိုင်ပြီး ကျန်တစ်ဦးမှာ Social Visa ဖြင့် လုပ်ကိုင်နေခြင်းဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။
“သူတို့လည်း ဒီအတိုင်းပဲ ဘာသဘောနဲ့ ဒီမှာလာအလုပ်လုပ်နေလဲ အစ်မတို့မသိဘူး။ အဲဒီဆိုင်ပိုင်ရှင်တွေနဲ့ မနက်ဖြန်ထွေအုပ်ရုံးမှာ လ၀ကရယ်၊ ထွေအုပ်ရယ်၊ အခွန်ရယ် မနက်ဖြန် ၁၀ နာရီ ထပ်ချိန်းထားတယ်။ သူတို့ကိုခေါ်ခိုင်းထားတယ်။ တရုတ်လူမျိုးတွေရှိတယ်ဆိုတော့ သူတို့တာဝန်ခံရမှာ။ ပြီးတော့ Social Visa နဲ့ အလုပ်လာလုပ်နေတယ်ဆိုတာက ဥပဒေကိုဖောက်ဖျက်တာလေ။ အဲဒီနှစ်ဆိုင်ကို ခေါ်ထားတယ်။ နောက်နှစ်ဆိုင်ကတော့ မြန်မာတွေချည်းပဲ တွေ့ခဲ့တယ်”ဟု ဒေါ်ကြည်ပြာက ဆက်လက်ပြောကြားသည်။
အဆိုပါ တရုတ်လူမျိုးသုံးဦးသည် တရားမ၀င် သဘောမျိုးဟုဆိုရာတွင် ၎င်းတို့သည် နိုင်ငံကူးလက်မှတ်ရှိပြီး မြန်မာနိုင်ငံအတွင်းသို့ လာရောက်လုပ်ကိုင်ရာတွင် Business Visa ဖြစ်ရမည့်အစား Social Visa လုပ်ကိုင်နေခြင်းကြောင့် တရားမ၀င်သဘာမျိုး ဖြစ်နေသည်ဟု ဆိုလိုခြင်းဖြစ်ကြောင်း ဒေါ်ကြည်ပြာ ပြောကြားသည်။
“သူတို့က လာလုပ်တုန်းကတော့ Business Visa နဲ့လာတာ။ ဒါပေမဲ့ သက်တမ်းတိုးတဲ့ အခါကျတော့ Social Visa ဖြစ်သွားတဲ့အခါကျတော့ Social Visa က ဒီမှာလုပ်ကိုင်ခွင့်မရှိဘူး။ ဒါကြောင့်သူတို့က တရားမ၀င်သဘောမျိုး ဖြစ်သွားတာ”ဟု ဒေါ်ကြည်ပြာ ပြောကြားသည်။
ယင်းသို့တွေ့ရှိခဲ့မှုနှင့် ပတ်သက်၍ လ၀က၏ လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက် လုပ်ဆောင်မည်ဖြစ်ကြောင်း၊ Social Visa ဖြင့်ဆိုပါက လ၀က၏ လုပ်ထုံးလုပ်နည်း နှင့်အညီ မည်သို့အရေးယူမည် ဆိုသည်ကို ၎င်းအနေဖြင့် မသိရှိကြောင်း ဒေါ်ကြည်ပြာက ပြောကြားသည်။
“အစ်မတို့ကတော့ ပန်းဘဲတန်းကလည်း စစ်ပြီးပြီ။ အခုကျောက်တံတားကလည်း စစ်ပြီးပြီဆိုတော့ ပန်းဘဲတန်းနဲ့ ကျောက်တံတား လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးပေါင်းပြီးတော့ အစီရင်ခံစာ တစ်စောင်ရေးမယ်။ တိုင်းလ၀ကဆိုရင် တိုင်းလ၀ကကို တာဝန်ခံထားတဲ့ ရန်ကုန်တိုင်းဝန်ကြီး ဦးဇော်အေးမောင် ဆီတင်မှာပါ။ ပြီးတော့ အထက်ကိုလည်းတင်ဖို့ လိုအပ်တယ်ဆိုတင်မယ်”ဟု ဒေါ်ကြည်ပြာက ပြောကြားသည်။
ယင်းသို့ ၀င်ရောက်စစ်ဆေးရခြင်းမှာ အဆိုပါလူမျိုးများကို အရေးယူခြင်းထက် မြန်မာနိုင်ငံအတွင်းသို့ ၀င်ချင်တိုင်းဝင်၊ ထွက်ချင်တိုင်းထွက်၊ လုပ်ချင်တိုင်းလုပ်၍ရသည် ဆိုသည့်ပုံစံကို ပြောင်းချင်သည့်အတွက် ဖြစ်ကြောင်း ဒေါ်ကြည်ပြာက ပြောကြားသည်။
“စိတ်မကောင်းတာတစ်ခုက သူတို့လို တရုတ်စကားပြောပြီး မြန်မာစကားတစ်ခွန်းမှ မတတ်တဲ့သူတွေကို ဆိုင်တာဝန်ခံထားထားတယ်။ လစာကို ၇၀၀၀၀၀ တကူးတက ခေါ်ပေးထားတယ်။ အစ်မတို့ လူမျိုးတွေကျတော့ လစာ ၁၀၀၀၀၀ ကျော်ပဲရတယ်။ အစ်မတို့နိုင်ငံမှာ အလုပ်အကိုင် အခွင့်အလမ်းရှားပါးနေတာ။ ဈေးရောင်းတဲ့ အလုပ်ကတော့ မြန်မာလူမျိုးအကုန်လုံးက လုပ်တတ်တာပဲ။ အစ်မတို့လူမျိုးတွေကတော့ အောက်ခြေသိမ်း ပုံစံမျိုးလုပ်ရတာတွေ့ရတော့ စိတ်မကောင်းစရာ ကောင်းတယ်။ ဒါနိုင်ငံတော်အနေနဲ့လည်း တာဝန်ရှိတယ်။ နောင်ဆိုရင် မြန်မာနိုင်ငံကို ငါတို့ဝင်ချင်တိုင်းဝင် လုပ်ချင်တိုင်း လုပ်လို့ရတယ်ဆိုတဲ့ ပုံစံမဟုတ်ဘဲ စနစ်တကျဘောင်တစ်ခုထဲကို အစ်မတို့ပြန်ပြီးထည့်ချင်လို့ အဓိကစစ်ရတာပါ”ဟု ဒေါ်ကြည်ပြာက ဆက်လက်ပြောကြားသည်။
ပန်းဘဲတန်းမြို့နယ် အတွင်းရှိ ကြိုက်တာယူ ကျပ် ၅၀၀၀ တန်ဆိုင် ခုနစ်ဆိုင်နှင့် ဗိုလ်ချုပ်လဟာပြင် ဈေးနေရာတွင် ဆောက်လုပ်နေသည့် ရွှေတောင်ကုမ္ပဏီ၏ ဆောက်လုပ်ရေးလုပ်ငန်းများတွင် တရားမ၀င်နိုင်ငံခြားသား အလုပ်သမားများ လုပ်ကိုင်နေခြင်း ရှိ၊ မရှိ နိုဝင်ဘာ ၂၈ ရက်က စစ်ဆေးရာ တရားမ၀င်လုပ်ကိုင်နေသည့် အလုပ်သမားများ မတွေ့ရှိခဲ့ရကြောင်း ပန်းဘဲတန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ပြောကြားသည်။
Writer:
ကျော်ထင်
Eleven Media Group Co., Ltd
Wednesday, December 7, 2016
ကျောက်တံတားမြို့နယ်ရှိ ကြိုက်တာယူ ကျပ် ၅၀၀၀ ဆိုင်လေးဆိုင်အား စစ်ဆေးရာ နှစ်ဆိုင်တွင် မြန်မာစကားမတတ်သည့် တရုတ်လူမျိုးများ တရားမ၀င်သဘောမျိုး လုပ်ကိုင်နေကြောင်း တွေ့ရှိခဲ့ဟုဆို
ကျောက်တံတားမြို့နယ်ရှိ ကြိုက်တာယူ ကျပ် ၅၀၀၀ ဆိုင်လေးဆိုင်အား စစ်ဆေးရာ နှစ်ဆိုင်တွင် မြန်မာစကားမတတ်သည့် တရုတ်လူမျိုးများ တရားမ၀င်သဘောမျိုး လုပ်ကိုင်နေကြောင်း တွေ့ရှိခဲ့ဟုဆို
Reviewed by Ar Ti
on
7:46 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment