ကုန်သေတ္တာတင်ယာဉ်များ နေ့မထွက်ရ
ရန်ကုန်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများသို့ ဝင်ထွက်ရာ ကမ်းနားလမ်း တစ်လျှောက်တွင် ကုန်သေတ္တာတင် ယာဉ်အစီးရေ ထောင်နှင့်ချီ၍ ပိတ်ဆို့နေသည်။ ထိုကုန်ယာဉ်တန်းကြီးသည် ငါးမိုင်ထက်မနည်း ရှည်လျားနိုင်ပြီး ရန်ကုန်မြို့ ကမ်းနားလမ်း မော်တင်မှ သီရိမင်္ဂလာဈေးသစ်အထိ မကြုံစဖူး ပိတ်ဆို့လျက် ရှိသည်။
ကုန်သေတ္တာတင်ယာဉ်များ အားလုံးသည် လမ်းမပေါ်၌ ကားစက်အင်ဂျင်များ ရပ်ထားပြီး ကျောက်ချသကဲ့သို့ မလုပ်မရွေ့ ရှိသည်။ ယာဉ်ထိန်းရဲများက ပိတ်ဆို့နေသော ယာဉ်ကြောကို ရှင်းလင်းရန် ကြိုးစားသော်လည်း အချည်းအနှီးသာ ဖြစ်သည်။
ကုန်သေတ္တာ ယာဉ်တန်းသည် ရှေ့တိုးမရ နောက်ဆုတ်မရ အခြေအနေ ဖြစ်နေသည်။
၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၈ ရက်နေ့၊ နံနက် ၁၁ နာရီအချိန်တွင် ယင်းကဲ့သို့ ပိတ်ဆို့နေခြင်း ဖြစ်သည်။ ပို့ကုန်၊ သွင်းကုန် ကုန်စည်များ ထည့်သွင်းထားသော ပေ ၄၀၊ ပေ ၂၀ ရောင်စုံ ကွန်တိန်နာကြီးများမှာ လမ်းမပေါ်၌ အစီအရီ။
ကုန်သေတ္တာယာဉ်မောင်း သက်တမ်း ၂၃ သုံးနှစ်ရှိပြီဖြစ်သော ယာဉ်မောင်း ဦးလှဝေကမူ သူ၏ ယာဉ်မောင်း သက်တမ်းတစ်လျှောက် အကြီးမားဆုံးသော ယာဉ်ကြောပိတ်ဆို့မှုကြီး တစ်ခု ကြုံတွေ့ရခြင်း ဖြစ်ကြောင်း The Voice သို့ ပြောဆိုသည်။
“တိုးလို့ကို မရဘူး။ နေ့မအိပ်ရ၊ ညမအိပ်ရ လမ်းပေါ်မှာ ပိတ်ဆို့နေတာ”ဟု ၎င်းက ဆိုသည်။
သူသည် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC) ဆိပ်ကမ်းမှတစ်ဆင့် ပို့ကုန် ပစ္စည်းများ သင်္ဘောတင်ရန် မောင်းနှင်လာခြင်းဖြစ်ပြီး ယာဉ်ကြောပိတ်မှုကြောင့် လမ်းမပေါ်တွင် နာရီ အတော်ကြာ အချိန်လင့်နေကြောင်း ပြောသည်။
အဘယ်ကြောင့် ယင်းသို့ ပိတ်ဆို့နေရသနည်း။
အဓိကကျဆုံး ဇာစ်မြစ်မှာ ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ဖြစ်သည်။ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ဦးဆောင်သော အစိုးရအဖွဲ့ အနေနှင့် ရန်ကုန်မြို့တွင်း ကုန်စည် သယ်ယူပို့ဆောင်နေသော ကုန်သေတ္တာတင်ယာဉ်နှင့် ကုန်တင်ယာဉ်များကို ယခုနှစ် ဒီဇင်ဘာလ ၇ ရက်မှစ၍ ညပိုင်းတွင်သာ မောင်းနှင်ရမည်ဟု ကြေညာသည်။
အချိန် အတိအကျ ဆိုလျှင် ည ၉ နာရီမှ နံနက် ၆ နာရီအတွင်း ဖြတ်သန်း မောင်းနှင်ရမည်။ ရန်ကုန် တိုင်းဒေသကြီးအတွင်း ယာဉ်ကြော ကျပ်တည်းမှုကို ဖြေရှင်းရန် ယင်းသို့ အချိန် ကန့်သတ်လိုက်ခြင်းဖြစ်ပြီး ကုန်သေတ္တာယာဉ်ကြီးများအတွက် နေ့ မထွက်ရ အမိန့် စတင် အသက်ဝင်လာခြင်း ဖြစ်သည်။
အဆိုးရွားဆုံး ဖြစ်ပွားလျက်ရှိသော ရန်ကုန်ယာဉ်ကြော ပိတ်ဆို့မှုအတွက် အများပြည်သူ အသုံးပြုသော လမ်းများပေါ်၌ ကုန်သေတ္တာယာဉ်များ ဖယ်ထုတ်၍ ယာဉ်ကြော ရှင်းလင်းရန်ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့က ဆိုထားသည်။
သို့သော် အခြားတစ်ဖက်တွင် ကုန်စည် ပို့ဆောင်ရေးလုပ်ငန်း စီးဆင်းမှုအပေါ် တင်းကျပ်သကဲ့သို့ ဖြစ်နေသည်။
“ဒီနေ့အတွက် ဘာမှ လုပ်လို့ မရဘူး။ ဂိတ်မှာ သွင်းကုန်ကိစ္စတွေ ဆောင်ရွက်ဖို့ရှိတယ်။ ဒီလို ပိတ်ဆို့နေရင် ရပ်ကြည့်နေရမှာပဲ”ဟု ဗိုလ်အောင်ကျော် ကွန်တိန်နာ ကားဝင်းအတွင်းရှိ ဦးသိန်းဝင်း ကွန်တိန်နာဂိတ်မှ ဦးရီလင်းက ဆိုသည်။
တစ်ရက်လျှင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများသို့ ဝင်ထွက်နေသော ကုန်သေတ္တာတင်ယာဉ်များ ထောင်ချီရှိနေပြီး ယခုကဲ့သို့ အချိန် ကန့်သတ်လိုက်သဖြင့် ကုန်စည် စီးဆင်းမှု ရပ်တန့်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
ယခင်က ၂၄ နာရီ ကုန်တင်ယာဉ်များ ဖြတ်သန်း သွားလာခွင့် ရှိသည့်အတွက် ကုန်စည် စီးဆင်းမှု ချောမွေ့ကြောင်း ၎င်းက ပြောဆိုသည်။ လက်ရှိတွင်မူ အရာရာ တုံ့ဆိုင်းသွားသည်။
လမ်းများပေါ်တွင် ကုန်သေတ္တာယာဉ်များ ပိတ်ဆို့နေသကဲ့သို့ ဆိပ်ကမ်းများ၌ ကုန်သေတ္တာများ ထုတ်ယူရန်၊ အကောက်အခွန် ရှင်းလင်းရန် အခက်အခဲ ရှိနေသည်။
လမ်းပေါ် ကုန်သေတ္တာယာဉ်များ ပိတ်ဆို့ခြင်းသည် အချိန် ကန့်သတ်မှုကို မကျေနပ်သဖြင့် ဆန္ဒပြသည့် အနေနှင့် မမောင်းနှင်ဘဲ ရပ်ထားကြသည်ဟူသော ဝေဖန်မှုများလည်း ရှိနေပြန်သည်။ ယာဉ်မောင်းများကမူ လမ်း တကယ် ကျပ်သဖြင့် ယင်းသို့ လမ်းပိတ်ဆို့ခြင်း ဖြစ်သည်ဟု ဆိုသည်။
“ကုန်သေတ္တာ လေးလုံး ထုတ်ဖို့လာတာ။ ဒီလို ပိတ်ဆို့နေရင် ထုတ်ဖို့ မလွယ်ပါဘူး”ဟု အကောက်အခွန် ရှင်းလင်းရေး ကိုယ်စားလှယ် ဦးဇင်မင်းလှိုင်က ညည်းတွားသည်။
အေးရှားဝေါလ် ဆိပ်ကမ်းမှ ကုန်သေတ္တာများ ထုတ်ယူရန် လာခဲ့ပြီး ဆိပ်ကမ်း မျက်နှာစာတွင် ပိတ်ဆို့နေသော ယာဉ်တန်းကြီးကို ကြည့်၍ သူ သက်ပြင်းချသည်။ ယင်းနေ့အတွက် ကုန်စည် စီးဆင်းမှုမှာ ရပ်ဆိုင်းသွားပြီဟု ၎င်းက ကောက်ချက်ချထားသည်။
ရန်ကုန်မြို့တွင် အပြည်ပြည်ဆိုင်ရာ ကုန်သေတ္တာများ ကိုင်တွယ်နိုင်သည့် ဆိပ်ကမ်းအဖြစ် အေးရှားဝေါလ် ဆိပ်ကမ်း၊ မြန်မာ့စက်မှုဆိပ်ကမ်း (MIP)၊ မြန်မာ စီးပွားရေး ကော်ပိုရေးရှင်း ဆိပ်ကမ်း (MEC)နှင့် ဗိုလ်အောင်ကျော်နှင့် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း သီလဝါတို့က ပို့ကုန် သွင်းကုန် လုပ်ငန်များ ဆောင်ရွက်လျက် ရှိသည်။
မြန်မာနိုင်ငံ၏ စုစုပေါင်း ကုန်သွယ်မှု ပမာဏ၏ ၈၀ ရာခိုင်နှုန်းကို ပင်လယ် ရေကြောင်း ကုန်သွယ်မှုမှတစ်ဆင့် ဆောင်ရွက်နေခြင်းကြောင့် ဆိပ်ကမ်းများအတွင်း ကုန်စည်စီးဆင်မှု ချောမွေ့ရေးသည် အလွန် အရေးပါသည်။
သို့သော် ရန်ကုန်ယာဉ်ကြော ရှင်းလင်းရေး ဦးစားပေးမှုအတွက် ကုန်စည် စီးဆင်းမှုမှာ အကန့်အသတ်များ ရှိလာသည်။ ယခင်က ၂၄ နာရီ သယ်ယူပို့ဆောင်နိုင်သော်လည်း လက်ရှိတွင် အချိန် ကိုးနာရီသာ အချိန်ရသည်။
ယင်းသို့ အချိန် ကန့်သတ်လိုက်သဖြင့် ပြည်ပ ပို့ကုန် တင်ပို့မှုကိုပါ ထိခိုက်မည်ဖြစ်ကြောင်း ရေထွက်ပစ္စည်း ပို့ကုန် လုပ်ငန်းရှင် ဒေါ်တိုးနန္ဒာတင်က ပြောဆိုသည်။
“ပို့ကုန်လုပ်ငန်းမှာ အချိန်နဲ့ လုပ်ရတာတွေရှိတော့ ဒီလို လုပ်လိုက်တာက ပြဿနာ ရှိတယ်”ဟု ၎င်းကဆိုသည်။
ဆိပ်ကမ်းများအတွင်း ကုန်စည်စစ်ဆေးသည့် X-Ray ဖြတ်ရာတွင် ပိုမိုရှုပ်ထွေးလာနိုင်ပြီး ကုန်စည်များ သင်္ဘောတင်ရာတွင် ကြန့်ကြာနိုင်ကြောင်း ၎င်းက ဆိုသည်။ ထို့အပြင် ကုန်သေတ္တာယာဉ်များ ဖြတ်သန်း မောင်းနှင်ခွင့် တင်းကျပ်လိုက်သဖြင့် ကုန်စည် တင်ဆောင်ခနှုန်းထားများ ဈေးမြင့်တက်နိုင်ပြီး အလုပ်သမားခများလည်း ပိုမို ပေးဆောင်ရဖွယ် ရှိသည်။ အဆိုပါ ကုန်ကျစရိတ်သည် စားသုံးသူအပေါ် သက်ရောက်စေမည်ဖြစ်ကြောင်း သူက ဆိုသည်။
ကုန်သည်များသည် လမ်းပန်းဆက်သွယ်ရေး ကုန်ကျစရိတ်များ မြင့်တက်လာပါက ကုန်စည်များပေါ်တွင် ဈေးနှုန်းဆွဲတင် ရောင်းချမည်ဖြစ်၍ ကုန်ဈေးနှုန်း ပိုမို မြင့်တက်နိုင်ကြောင်း ၎င်းကဆိုသည်။
“သွင်းကုန်တွေ ဈေးနှုန်းကြီးမြင့်ဦးမယ်လို့ မှန်းတယ်”ဟု ဒေါ်တိုးနန္ဒာတင်က ဆိုသည်။
ကွန်တိန်နာ သယ်ယူ ပို့ဆောင်ခနှုန်းထားသည် ပို့ဆောင်ရမည့် မြို့နယ်အလိုက် ဈေးနှုန်း ကွာခြားလေ့ ရှိပြီး လက်ရှိတွင် ဈေးနှုန်း နှစ်ဆခန့် မြင့်တက်လာနေပြီဖြစ်ကြောင်း ပို့ကုန်လုပ်ငန်းရှင်များက ဆိုသည်။
အချိန်ပိုင်း အကန့်အသတ်ဖြင့် သယ်ယူ ပို့ဆောင်ရမည်ဖြစ်သဖြင့် ပို့ကုန်ရာသီတွင် ကုန်တင်ယာဉ် ရှားပါးမှု ကြုံတွေ့နိုင်ကြောင်း Lucky Htet သွင်းကုန်၊ ထုတ်ကုန်အေးဂျင့်မှ ဒါရိုက်တာ ဦးဝင်းကိုကိုက ပြောဆိုသည်။
“ကွန်တိန်နာကားတွေ ခါတိုင်းထက် ဈေးတက်မယ်။ ကားလည်း ရှားပါးနိုင်တယ်”ဟု ၎င်းက ဆက်ပြောသည်။
ကွန်တိန်နာယာဉ် တစ်စီးလျှင် တင်ဆောင်သည့် တန်ချိန်အလိုက် သယ်ယူပို့ဆောင်ခ ပေးချေရပြီး ပေလေးဆယ် ကုန်သေတ္တာ တစ်လုံးလျှင် ကျပ်တစ်သိန်းနှင့်အထက် အနည်းဆုံး ပေးရသည်။ ဈေးနှုန်း နှစ်ဆခန့် မြင့်တက်မည်ဆိုပါက ကျပ် နှစ်သိန်းကျော်နိုင်သည်။
ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့သည် ယင်းအခြေအနေများကို စဉ်စားမှု အားနည်းကြောင်း ဒေါ်တိုးနန္ဒာတင်က ဝေဖန်သည်။ နေ့စဉ် ကူးသန်း ရောင်းဝယ်နေသော ကုန်စည် စီးဆင်းမှု ကိန်းဂဏန်း အချက်အလက်များပေါ်တွင် သုတေသနပြု၍ မူဝါဒ ချမှတ်သင့်ကြောင်း ၎င်းက ဆိုသည်။
လက်ရှိတွင် ပို့ကုန် (ပြည်ပပို့ကုန်) ရာသီ မဖြစ်သေးခြင်းကြောင့် ဆိပ်ကမ်း ကုန်သေတ္တာယာဉ်များ အနည်းအငယ် ရှင်းလင်း နိုင်သေးသော်လည်း ပို့ကုန်ရာသီ ဖြစ်ပါက အခက် ကြုံမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် ဆီထွက် သီးနှံစိုက်ပျိုး ထုတ်လုပ်သူများအသင်း အထွေထွေ အတွင်းရေးမှူးလည်းဖြစ်၊ ပြည်ပပို့ကုန် လုပ်ငန်းရှင် တစ်ဦးလည်းဖြစ်သူ ဦးမင်းကိုဦးက ဆိုသည်။
“(ပို့ကုန်) ရာသီချိန်မှာတော့ ညပိုင်းပဲ ပေးထွက်မယ်ဆိုရင် ကုန်စည်စီးဆင်းမှု အခက်အခဲ ရှိနိုင်တယ်။ ပြောရရင် ဆိပ်ကမ်းမှာ ပစ္စည်းတွေ ကြန့်ကြာနိုင်တယ်”ဟု ၎င်းဆိုသည်။
ပဲမျိုးစုံသည် ပြည်ပ ပို့ကုန်ရဝင်ငွေ အများဆုံး လယ်ယာထွက်ကုန်များအနက် တစ်ခု ဖြစ်သည်။
လာမည့် ဇန်နဝါရီလမှ စတင်၍ ပြည်တွင်း ပဲမျိုးစုံများ ပေါ်လာတော့မည်ဖြစ်သည်။ ယင်းနှင့်အတူ ပြည်ပသို့ ပဲမျိုးစုံ တင်ပို့မှု တိုးမြင့်လာမည်ဖြစ်ရာ ညပိုင်း အချိန်အကန့်အသတ်ဖြင့် ကုန်စည် ပို့ဆောင်ရမည်ဆိုပါက ကုန်စည် စီးဆင်းမှု နှောင့်နှေးမည်မှာ သေချာကြောင်း ၎င်းကဆိုသည်။
ရန်ကုန် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများအတွင်း ကုန်သေတ္တာ အကောက်အခွန် ရှင်းလင်းရေး လုပ်ငန်းများ ကြန့်ကြာခြင်း၊ ဆိပ်ကမ်းများ အဆင့် မြှင့်တင်ရန် လိုအပ်နေခြင်းတို့ကြောင့် ကုန်စည် စီးဆင်းမှုမှာ ဒေသတွင်း ဆိပ်ကမ်းနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် များစွာ နှေးကွေးနေဆဲ ဖြစ်သည်။ ယင်းအတွက် ဆိပ်ကမ်းများ အဆင့် မြှင့်တင်ရန် လိုအပ်နေဆဲ ဖြစ်သည်။
လက်ရှိ အစိုးရလက်ထက်တွင် ပို့ကုန်မြှင့်တင်ရေး အားစိုက်မည်ဟု ထုတ်ဖော် ပြောဆိုခြင်းကြောင့် ကုန်စည်စီးဆင်းမှု မြန်ဆန်စေသည့် အခြေခံ လိုအပ်ချက်များ ဖြည့်ဆည်း ပေးသင့်ကြောင်း ပို့ကုန်လုပ်ငန်းရှင် အချို့က သုံးသပ်ကြသည်။
“ကွန်တိန်နာတွေကို အချိန် ကန့်သတ်လိုက်တာက ရန်ကုန်ယာဉ်ကြော ပိတ်ဆို့မှုကို လျှော့ချနိုင်ပေမယ့် တစ်ဖက်မှာ ငိုချင်လျက် လက်တို့သလို ဖြစ်နေတယ်။ Export (ပို့ကုန်) က ကျနေတဲ့အချိန်မှာ ကွန်တိန်နာတွေ အချိန် ကန့်သတ်လိုက်တာက (ကုန်စည်ပို့ဆောင်ခ) နှစ်ဆ ကုန်ကျစရိတ် ပိုများနိုင်ပါတယ်”ဟု ပို့ကုန် သွင်းကုန် လုပ်ငန်းရှင် တစ်ဦးဖြစ်သူ ဒေါက်တာ စိုးထွန်းက ဆိုသည်။
ယင်းအတွက် ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့် ပြန်လည် သုံးသပ်ရန်သင့်ကြောင်း အကြံပြုသည်။
သို့သော် တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနှင့် ယာဉ်ကြော ရှုပ်ထွေးမှုနှင့် ကုန်စည် စီးဆင်းမှု နှစ်ခုကို ဟန်ချက်ညီညီ ထိန်းကျောင်းမည့် သဘောရှိသည်။ ကုန်တင်ယာဉ်များ ဖြတ်သန်း သွားလာနိုင်မည့် အချိန် ကန့်သတ်ချက်ကို ဖြေလျှော့ပေးမည့် အရိပ်အယောင် မတွေ့ရ။
ချမှတ်ထားသော စည်းကမ်းများအတိုင်း ကိုင်တွယ်မည်ဖြစ်ပြီး လိုက်နာမှု မရှိသော ကုန်တင်ယာဉ်များကိုလည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေနှင့်အညီ အရေးယူမည် ဖြစ်ကြောင်းလည်း ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဒီဇင်ဘာလ ၈ ရက်နေ့ သက်ဝင်လှုပ်ရှား ရန်ကုန်မြို့၏လမ်းမများ သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။
ယခု ကုန်သေတ္တာတင်ယာဉ်များ အချိန်ကန့်သတ်ခြင်းမှာ UMFCCI အပါအဝင် စီးပွားရေး အသင်းအဖွဲ့များဖြင့် ညှိနှိုင်း ဆောင်ရွက်ထားခြင်း ဖြစ်သည်။ သို့သော် လုပ်ငန်းရှင်များက သဘောမတူသဖြင့် သုံးကြိမ်အထိ ရွှေ့ဆိုင်းလာခြင်း ဖြစ်သည်။
လက်ရှိတွင် အဆိုပါ ဆုံးဖြတ်ချက်ကို လက်တွေ့ ကျင့်သုံးပြီဖြစ်သည်။ ယင်းစနစ်သည် ဒေသတွင်း နိုင်ငံအချို့တွင် ကျင့်သုံးလေ့ ရှိသည့်စနစ်ဖြစ်သည်။ သို့သော် မြန်မာနိုင်ငံနှင့် မည်မျှ အံဝင်မည်နည်း။ ရည်မှန်းချက်အတိုင်း ရန်ကုန်မြို့ ယာဉ်ကြောကျပ်မှုမှာလည်း မည်မျှအထိ လျော့ကျမည်နည်း။
ပထမဆုံး အသက်ဝင်သည့် ဒီဇင်ဘာ ၇ ရက် ညတွင်မူ ကုန်သေတ္တာတင်ယာဉ်များမှာ အုတ်အော်သောင်းတင်း။ ကမ်းနားလမ်း တစ်လျှောက်၌ ဒါဇင်ပေါင်း များစွာသော ကုန်သေတ္တာတင်ယာဉ်များက ပိတ်ဆို့ ကျပ်တည်းနေပြီ ဖြစ်သည်။ ယင်းအတွက် စိုးရိမ်သူ များစွာ ရှိသည်။
ကွန်တိန်နာ ယာဉ်မောင်း ဦးလှဝေကမူ ရေရှည်အတွက် မူဝါဒ အလျှော့အတင်းများ ချမှတ်ပေးရန် လိုလားနေသည်။
“စတဲ့နေ့မှာတောင် သွားတာက ခက်ခဲနေပြီ။ ရေရှည် ဒီလိုပိတ်နေရင် (ကွန်တိန်နာ ယာဉ်မောင်းတွေ) စားဝတ်နေရေးကအစ ထိခိုက်နိုင်တယ်။ ဖြေလျှော့ပေးဖို့တော့ မျှော်လင့်ပါတယ်”
နိုင်လင်းအောင်
Sources ; The Voice
Subscribe to:
Post Comments (Atom)
No comments:
Post a Comment