Latest News

Friday, December 16, 2016

နိုင်ငံချမ်းသာဖို့ဆိုရင်လူလတ်တန်းစားတွေများဖို့ လိုမယ်

နိုင်ငံချမ်းသာဖို့ဆိုရင်လူလတ်တန်းစားတွေများဖို့ လိုမယ်

ချမ်းသာသော နိုင်ငံအတော် များများကို ကြည့်သောအခါ လူလတ်တန်းစား ( Middle Class ) တွေဖြင့် ဖွဲ့ စည်းထားတာ များသည် ။ ထိုနိုင်ငံများတွင် ကျိကျိတက် ချမ်းသာသော သန်းကြွယ်သူဌေး ( millionaire) ကုဋေကြွယ်သူဌေး (Billionaire ) များလည်းရှိပါသည် ။ ကုန်းကောက်စရာမရှိအောင် မွဲတေနေကြသော အိမ်ခြေယာခြေမဲ့ များလည်းရှိပါသည် ။သို့ သော်လူဦးရေနှင့်အချိုးချလျှင် ဖွံ့ ဖြိုးပြီးနိုင်ငံများ ၊ ချမ်းသာကြွယ်ဝသောနိုင်ငံများ၌ ထိုဆင်းရဲလွန်းသူ ၊ချမ်းသာလွန်းသူများမှာ လူဦးရေနှင့်အချိုးချကြည့်လျှင်လူနည်းစုဖြစ်သည် ။ လူအများစုဖြစ်သော ပြည်သူလူထုကြီးသည် အပေါ်လည်းမရောက် ။အောက်လည်းမကျသော အလည်အလတ် ( Middle Class ) တွေသာဖြစ်သည် ။ နိုင်ငံတစ်နိုင်ငံတွင် လူအများစုကြီးမှာ အလွန်အမင်းမချမ်းသာမကြွယ်ဝသော်လည်း စားနိုင်သောက်နိုင် သုံးနိုင်စွဲနိုင်အဆင့်ရှိသော လူလတ်တန်းစားအများစုဖြစ်နေလျှင်ထိုနိုင်ငံသည် အခြေအနေကောင်းသည် ၊ စီးပွားရေးဖွံ့ ဖြိုးသည်ဟုဆိုရမည်ဖြစ်သည် ။ နိုင်ငံတစ်နိုင်ငံသည် သုံးနိုင် စွဲနိုင် စားနိုင်သောက်နိုင်သော လူလတ်တန်းစားအလွန်နည်းပါးလျက် ကုန်းကောက်စရာမရှိသော အောက်ခြေတွင်နေရသူအများစု ၊ ကျိကျိတက်အောင်ချမ်းသာသူတစ်စုဖြင့် ဖွဲ့ စည်းတည်ဆောက်ထားလျှင် ဖွံ့ ဖြိုးတိုးတက်မှုမူမမှန်သောတိုင်းပြည်ဟုဆိုရပေလိမ့်မည် ။

          မြန်မာပြည်သို့ လာရောက်လည်ပါတ်သော အမေရိကန် ၊ အင်္ဂလိပ် ကမ္ဘာလှည့်ခရီးသည်များကိုမကြာခန ဧည့်လမ်းညွှန်လုပ်ဖူးရာ အကြောင်းမသိခင်က ထိုသူများမှာ အလွန်အမင်းကြွယ်ဝချမ်းသာသဖြင့် ဤကဲ့သို့  ကမ္ဘာလှည့်အပျော်ခရီးထွက်နိုင်ပေသည် ဟုစာရေးသူထင်မိခဲ့လေသည် ။ သို့ သော် အင်္ဂလန် ၊ ဆွစ်ဇာလန် ၊ အမေရိကန်ပြည်ထောင်စု ရှိ ထို နိုင်ငံခြားသားများ၏အိမ်သို့  ကျွန်တော်ကိုယ်တိုင်ရောက်ဖူးသောအခါမှ ထိုသူများမှာ သူတို့ မိခင်နိုင်ငံများတွင် ကျိကျိတက်ချမ်းသာသူများမဟုတ်ပဲ သာမန်သူလိုငါလို မှန်တန်းအဆင့်ရှိသူများ (၀ါ) လူလတ်တန်းစားများဖြစ်ကြောင်း သိလာရပေ၏ ။သို့ သော် အနောက်နိုင်ငံများတွင် လူလတ်တန်းစားများသည် ကားဝယ်လိုလျှင် အငှားဝယ် Hire Purchase  စနစ်ဖြင့်ဝယ်ယူရန် ဘဏ်မှချေးငွေ အလွယ်တကူရယူနိုင်သည် ။အိမ်ဝယ်လိုလျှင်လည်း ဘဏ်ချေးငွေ လွယ်ကူစွာရယူနိုင်သည် ။ ထိုအကြွေးများကိုလစဉ်ဝင်ငွေထဲမှ နည်းနည်းချင်းစီ နှစ်ရှည် ဖြတ်တောက်သွားသဖြင့် စားဝတ်နေရေးကိုထိခိုက်စေမှုမရှိပဲ လိုအပ်သော နေထိုင်သွားလာမှု လူ့အဆင့်အတန်းကို မြင့်တက်စေသည် ။ ထို့အပြင် လူတစ်ယောက်ကို ချက်ချင်းမွဲတေသွားစေနိုင်သော အိမ်မီးလောင်ချင်း ၊ ဓားပြတိုက်ခံရခြင်း ၊ ကားအက်ဆီးဒင့်ဖြစ်ခြင်း ကိစ္စများအတွက်လည်း မီးအာမခံ ၊အသက်အာမခံ ၊ မတော်တဆထိခိုက်မှုအာမခံ စသည်ဖြင့်အာမခံစနစ်ထွန်းကားကြသောကြောင့် လူအတော်များများမှာ မတော်လောဘဖြင့် လောင်းကစားအလွန်အကျွံမလုပ်သမျှ မွဲတေကျခြင်း မဖြစ်နိုင်ပေ ။ ထို့ အပြင် ကျန်းမာရေးအတွက် ငွေအနည်းငယ်ကို မှန်မှန်သွင်းကာ ကျန်းမာရေးအာမခံ (Health Insurance ) ယူထားခြင်းဖြင့် နေမကောင်းသောအခါ အခမဲ့ဆေးကုသနိုင်လေသည် ။ ထိုအခါဝင်ငွေထဲမှ ချင့်ချိန်စုဆောင်းကာ တစ်နှစ်လျှင် တစ်ကြိမ်၊ သို့ မဟုတ် နှစ်ကြိမ်ခန့်  နိုင်ငံရပ်ခြားတိုင်းပြည်များသို့  အပျော်ခရီးထွက်နိုင်ပေသည် ။ ချမ်းသာလွန်း၍မဟုတ်ပဲ လူလလတ်တန်းစားများအဆင်ပြေစေနိုင်သော စနစ်ကောင်းများစွာကိုအစိုးရက ဆောင်ရွက်ပေးထားမှုများကြောင့်ဖြစ်သည် ။

    ထို့အပြင်သူတို့ နိုင်ငံ၏ပင်စင်စနစ်မှာလည်းအလွန်ကောင်းသည် ။အသက်ခြောက်ဆယ်ပြည့်၍ အငြိမ်းစားယူလိုက်သည်နှင့် အငြိမ်းစားဆိုသောနာမည်အတိုင်း သူတို့ ဘ၀မှာ လုံးဝငြိမ်းချမ်းသွားတော့သည် ။ မိမိဝါသနာပါရာကို အငြိမ်းစားယူသည့်နေ့မှစကာ ပူပင်ကြောင့်ကျမှုမရှိတော့ပဲအကောင်အထည်ဖော်နိုင်ကြသေည် ။ထို့ ကြောင့်သက်ကြီးရွယ်အိုများစုစည်း၍ သစ်ခွဝါသနာရှင်များအသင်း ၊ မီးရထားဝါသနာရှင်များအဖွဲ့  ၊ ပန်းချီဝါသနာရှင်များ ကလပ် ၊ တိရိစ္ဆာန်ချစ်သူများအဖွဲ့ စသည်ဖြင့် မိမိဝါသနာပါရာအလုပ်ကိုအေးအေးလူလူ ပါဝင်ဆောင်ရွက်နိုင်လေသည် ။ ထိုသို့ ဆောင်ရွက်နိုင်အောင်ကောင်းမွန်အားကိုးထိုက်သောပင်စင်လစာ ကိုရရှိကြလေသည် ။ ဥပမာစာရေးသူ၏မိတ်ဆွေ အင်္ဂလန်နိုင်ငံသား မစ္စတာ ကန်ဟတ်ဒီသည် အစိုးရကုမ္မဏီတွင်အင်ဂျင်နီယာအဖြစ်အမှုထမ်းခဲ့ခြင်းအတွက် အစိုးရပင်စင်လစာ တစ်လလျှင် စတာလင်ပေါင် ၅၀၀ (စတာလျှင်ပေါင်တစ်ပေါင်ကို မြန်မာငွေ ၁၆၇၂ ငွေလဲနှုန်းအရ ) မြန်မာငွေတစ်လလျှင် ရှစ်သိန်းသုံးသောင်းခြောက်ထောင် ) ၊ တဖန် Ford မော်တော်ကားကုမ္မဏီ တွင်ဝန်ထမ်းလုပ်ခဲ့ဖူးသည့်အတွက်ပုဂ္ဂလိကပင်စင်လစာ တစ်လလျှင် ၁၂၅ ပေါင် ( မြန်မာငွေနှစ်သိန်းကိုးထောင်ကျပ် ခန်)့  ၊ စုစုပေါင်းတစ်လလျှင် အဖိုးကြီးတစ်ယောက်အတွက်ပင်စင်လစာငွေ ၆၂၅ ပေါင် ( မြန်မာငွေဆယ်သိန်းလေးသောင်းငါးထောင်ကျပ် ခန့်) ပင်စင်လစာရရှိလေသည် ။ထိုအထဲကမှ တစ်လလျှင် ၄၁ ပေါင် ( ခြောက်သောင်းရှစ်ထောင့်ငါးရာကျပ်ခန့် ) အခွန်အဖြစ်ပေးဆောင်ရသည်ဆို၏ ။ ဒါကအင်္ဂလန်မှအငြိမ်းစားအင်ဂျင်နီယာတစ်ယောက်၏ပင်စင်လစာဖြစ်သည် ။ အငြိမ်းစား သူနာပြုဆရာမတစ်ယောက်ကမူ သူ၏ခင်ပွန်းဖြစ်သူ တိုက်ပွဲကျ တပ်မတော်သားအတွက် မုဆိုးမခံစားခွင့်ပင်စင်လစာ တစ်လလျှင်စတာလင်ပေါင် ၂၇၀ ( လေးသိန်းငါးသောင်းကျပ်ခန့် )ရရှိသည်ဆို၏ ။ တဖန်သူကိုယ်တိုင်ဆေးရုံတွင်သူနာပြုဆရာမအဖြစ်လုပ်ခဲ့သည့်အတွက် ပင်စင်လစာ တစ်လလျှင်စတာလင်ပေါင် ၂၅၀ ( လေးသိန်းတစ်သောင်းရှစ်ထောင်ကျပ် ခန့်)ရရှိသည်ဆို၏ ။ ပင်စင်နှစ်ခုပေါင်း အခွန်နှုတ်ပြီး တစ်လလျင်ပေါင် ၄၃၀ (ခုနစ်သိန်းတစ်သောင်းရှစ်ထောင်ကျပ် ခန့် )ရှိသည်ဆို၏ ။ ဘာပဲပြောပြော အင်္ဂလန် လူနေမှုစားရိတ်ကြောင့်ဝင်ငွေနှင့်ထွက်ငွေ ကုန်ကျစားရိတ်နှင့်ကာရုံမျှသာရှိစေကာမူ ချွေချွေတာတာသုံးစွဲပါက ပင်စင်စား အဖိုးကြီးအဖွားကြီးပင် ကမ္ဘာလှည့်ခရီးသွားနိုင်လေသည် ။ထို့ကြောင့်ပင် မြန်မာနိုင်ငံသို့ တိုးရစ်အဖြစ် လေးကြိမ်လေးခေါက်ပင်လာရောက်လည်ပါတ်ခဲ့လေသည် ။

   ကျွန်တော်တို့ မြန်မာနိုင်ငံဝယ် စီးပွားရေးအသင့်အတင့်ပြေလည်သောနေနိုင်စားနိုင် အလည်အလတ်အဆင့်၇ှိသူ ။ တနှစ်နှစ်ကြိမ်ဘုရားဖူး ပြည်တွင်းခရီးသွားနိုင်သူ လူလတ်တန်းစားဘယ်လောက်များရှိသနည်း ။ နိုင်င့တစ်နိုင်ငံ၏စီးပွားရေးကို GDP တွေ ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ၊ ဘတ်ဂျက်လိုငွေ ၊ပိုငွေတွေနှင့် စီးပွားရေးပညာရှင်များကပြဆိုလေ့ရှိသည် ။ GDP ဆိုသော ပြည်တွင်းအသားတင်ထုတ်ကုန်တန်ဖိုးတို့ဘာတို့ဆိုသည်က အလုံးစုံမှန်သည်မဟုတ် ။ ထုတ်ကုန်တန်ဖိုးစုစုပေါင်းကို နိုင်ငံတွင်းရှိလူဦးရေ ၅၁ သန်းနှင့်စားကာ မြန်မာနိုင်ငံ၏တစ်ယောက်ချင်းဝင်ငွေတွေတိုးလာပါပြီဟုလည်း ပြောကြလျှင် စာရွက်ပေါ်၌ ၀င်ငွေတွေ တိုးနေကြမှာအမှန်ဖြစ်သည် ။မစားရ၀ခမန်းအဆင့်အတန်းတွေကို စာရွက်ပေါ်၌ ရနေကြမှာဖြစ်သည်။ လက်တွေ့ တွင်ကား ထိုဝင်ငွေ၏ ၉၀ ရာခိုင်နှုန်းမှာ ခရိုကြီးတွေ ၊ထားစရာမရှိအောင်ချမ်းသာသော ဗိုလ်ချုပ်ဟောင်းကြီးတွေ လက်ထဲမှာသာရောက်နေစမြဲဖြစ်သည် ။ ပြည်သူလူထုအများစုကြီးကတော့ မ၀ရေစာလစာဝင်ငွေကလေးဖြင့် ဆင်းရဲမွဲတေမှသံသရာထဲမှာ နေထိုင်ကြရစမြဲဖြစ်သည် ။ မြန်မာနိုင်ငံ ဖွံ့ ဖြိုးတိုးတက်ဖို့ ဆိုလျှင် စာရွက်ပေါ်မှာ ၀င်ငွေတိုးတက်လာဖို့ ထက် သုံးနိုင်စွဲနိုင် စားနိုင်သောက်နိုင်သွားနိုင်လာနိုင် လည်နိုင်ပါတ်နိုင်သော လူလတ်တန်းစား အရည်အတွက်ပွားများလာအောင်ဆောင်ရွက်ကြဖို့ လိုသည် ။ နိုင်ငံတွင် မွဲလွန်းသူများ၊ ချမ်းသာလွန်းသူများ အရေအတွက်အများစုဖြစ်နေလျှင် မည်သည့်အခါမှ တိုးတက်နိုင်မည်မဟုတ် ။ လူလတ်တန်းစားအလွှာ က တိုင်းပြည်လူဦးရေ၏အများစုဖြစ်လာမှသာ ထိုနိုင်ငံ ဖွံ့ ဖြိုးတိုးတက်ပြီဟုပြောနိုင်မည်ဖြစ်သည် ။ မြန်မာနိုင်ငံတါင်လည်း မည်သည့် စီမံကိန်းတွေပဲ ချမှတ် လုပ်ဆောင်သည်ဖြစ်စေ အဓိကအရေးအကြီးဆုံးမှာ လူလတ်တန်းစားများ လူဦးရေ၏အများစု ဖြစ်လာနိုင်ရေးမှာအရေးအကြီးဆုံး ဖြစ်ပါကြောင်း ။

#သရ၀ဏ်(ပြည်)

သူရိယအလင်းဂျာနယ်
၁၂.၁၂.၂၀၁၆

No comments:

Post a Comment