မြေတောင်မြှောက်ခြင်း
"ဆရာထက် တပည့်က တော်ရမယ်။ ဒါမှ လောကကြီး ဖွံ့ဖြိုးတိုးတက်မယ်" လို့ ပြောတော့ ပြောကြတာပါပဲ။ အပြောနဲ့အလုပ် တကယ်ရော ညီကြပါရဲ့လား။ တပည့်တွေ တော်လာအောင် ဆရာတွေက မြေတောင် မြှောက်ပေးကြပါရဲ့လား။
ကလေးသူငယ်တစ်ယောက် လမ်းကောင်းကောင်း မလျှောက်တတ်သေးခင်မှာ မိဘက ဖေးဖေးမမတွဲပြီး ကူရပါတယ်။ တဖြည်းဖြည်းနဲ့ ကလေးက စမ်းလျှောက်ရင်း လျှောက်ရင်း အလေ့အကျင့်လည်းရ၊ သူ့ကိုယ်သူ ယုံကြည်မှုလည်းခိုင်မာလာမှသူ့ခရီးကိုသူ ဆက်လျှောက်ရတာ ဖြစ်တယ်။ စလျှောက်ခါစ စမ်းလျှောက်ခါစမှာ ကလေးတိုင်း အကြိမ်ကြိမ်လဲကျစမြဲ ဖြစ်ပါတယ်။ သားသမီးကိုချစ်မြတ်နိုးတဲ့ မိဘတွေက လဲကျတဲ့ကလေးကို ထူပေးတယ်။ ကြုးစား လျှောက်ဖို့ အားပေးပါတယ်။ မိဘမေတ္တာ ရိပ်အောက်မှာ ဒီပုံစံအတိုင်း လူတိုင်း လူလားမြောက်ခဲ့ရတာ ဖြစ်ပါတယ်။
လမ်းစမ်းလျှောက်စ ကလေးကို လဲကျရကောင်းလားလို့ လူကြီးမိဘက အပြစ်ပြောရင် ကလေးမှာ စိတ်ဒဏ်ရာဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် မယုံကြည်သူ၊ အားထုတ် ကြိုးပမ်းမှု မပြုဝံ့သူ ဖြစ်သွားတတ်ပါတယ်။
နယ်ပယ်တိုင်းမှာ လူသစ်တွေ ဝင်ရောက်လာမြဲဖြစ်ပါတယ်။ လူငယ်လူသစ်တွေဟာ တတ်မြောက် ကျွမ်းကျင်မှုမှာ အားနည်းကြသေးတာ သဘာဝဖြစ်ပါတယ်။ လူကြီးတွေကဒီသဘာဝကို သိနားလည်ပြီး လက်တွဲခေါ်ဖို့ လမ်းပြပေးဖို့ လိုပါတယ်။ တကယ်ကတော့ ရှေ့လူက နောက်လူကို စိတ်ရှည်ပြီး ပခုံးနဲ့ထမ်းတင်ပေးရမှာ ဖြစ်တယ်။ ကိုယ်ကိုယ်တိုင်လည်း ကိုယ့်ရှေ့က ဆရာ၊ ဆရာမတွေက မြေတောင်မြှောက်ပေးလို့ တိုးတက်လာရတာပါ။ အသစ်ဝင်လာတဲ့ လူငယ်သွေးသစ်တွေကို ရှေ့မှာရှိနှင့်တဲ့ သူ များက လက်တွဲခေါ်ရပါတယ်။
ကျွန်တော် စာပေနယ်ကို ဝင်ရောက်စမှာ ဝတ္ထုတိုတွေ ရေးပါတယ်။ ကျွန်တော်ကံကောင်းတာက ဝတ္ထုတို လက်သွေးစအချိန်မှာ ရေးဖော်ရေးဖက် မိတ်ဆွေကောင်းများစွာနဲ့ ရင်းနှီးခွင့်ရခဲ့တာပါပဲ။ မန္တလေး လူထုတိုက်မှာ လက်သွေးစ စာရေးဆရာ ဆရာ မတွေ နေ့စဉ်နီးပါး စုဆုံဖြစ်ကြတယ်။ ညကရေးလာတဲ့ ကိုယ့်စာမူလေးတွေကို အချင်းချင်းပေးပြီး ဖတ်ကြတယ်။ ဝေဖန် စေတယ်။ ဒီလိုနည်းနဲ့ ကျွန်တော်တို့ ဝတ္ထု တိုလေးတွေ ပိုပြီးသန့်လာ၊ ကောင်းလာစေ ခဲ့ပါတယ်။
ကျွန်တော်တို့ အုပ်စုထဲမှာ ( ကွယ်လွန်ရှာပြီဖြစ်တဲ့) ဆရာဝင်းစည်သူက ဦးစီး ခေါင်းဆောင်ဖြစ်ပါတယ်။ သူကဝတ္ထုတိုရေး အားလည်းကောင်းတယ်။ မြန်မာစာဆရာ လည်းဖြစ်တယ်။ ကျွန်တော်တို့ရဲ့ ဝတ္ထုတို လေးတွေကို ဆရာက အရေးအသား အသုံး အနှုန်းကအစ တည့်မတ်ပေးခဲ့တယ်။ သူက အချင်းချင်း မြေတောင်မြှောက်ပေးတဲ့ဆရာ ဖြစ်ပါတယ်။
ဒီကျေးဇူးတွေကြောင့် ၁၉၈၅ ခု တစ် ဝိုက် ဝတ္ထုတိုရွှေခေတ်ဆိုတဲ့အချိန်မှာ မန္တ လေးက ဝတ္ထုတိုသမားတွေ အများကြီးပေါ် ထွက်ခဲ့တယ်။ ဆရာမကြီး ဒေါ်ခင်ဆွေဦး၊ ဆရာမဒေါ်ကလျာ၊ ဆရာမမိုးမိုး(အင်းလျား)၊ ဆရာမောင်သာရ စတဲ့မဂ္ဂဇင်း အယ်ဒီတာ တွေက မန္တလေးကို တကူးတက လာ ရောက်တွေ့ဆုံပြီး ဝတ္ထုရေးတဲ့ လက်သွေးစ စာရေးဆရာ(ပေါက်စ)တွေကို တန်ဖိုးထား ပြီး နေရာပေးခံခဲ့ကြရတယ်။
ကျွန်တော်ကိုယ်တိုင်လည်း မိုးမိုး (အင်းလျား) စာပေဆုရွေးချယ်ရေးကော်မတီမှာ အဖွဲ့ဝင်လုပ်ခွင့်ရဖူးတယ်။ ပြိုင်ပွဲ ဝင်စာမူတွေကို ဖတ်ရတဲ့အခါ ကျွန်တော့် ပတ်ဝန်းကျင်မှာရှိတဲ့ လူငယ် ဆရာ ဆရာမ တွေရဲ့ လက်ရာတွေကို သတိထားကြည့် တော့ ဆုရဖို့ တန်းဝင်တာ တွေ့ရတယ်။ ဝတ္ထုတိုလက်သွေးခါစ စာရေးသူတွေကို စာပေပြိုင်ပွဲဝင်နွှဲကြဖို့ ကျွန်တော်အားပေး ခဲ့ဖူးတယ်။ သူတို့ မိုးမိုး(အင်းလျား) ဝတ္ထုတို ဆုရကြတယ်။ နောက်ပိုင်းမှာ အချို့က အမျိုးသားစာပေဆု အပါအဝင် စာပေဆု မျိုးစုံရကြတယ်။ အချို့ရဲ့ ဝတ္ထုတွေက ရုပ် ရှင်ဗီဒီယိုဖြစ်လာတယ်။ အစွမ်းအစ ရှိပြီး သားလူတွေမို့ စာပေနယ်မှာ သူ့အလင်းနဲ့ သူ့အချင်းနဲ့ လင်းလက်နေကြတာကို ကြည့် ပြီး ဝမ်းသာရပါတယ်။
၁၉၉၀ ပြည့်နှစ် နောက်ပိုင်းသတင်း မီဒီယာခေတ်မှာ ကျွန်တော်က ဝတ္ထုသမား ဘ၀ကနေ သတင်းသမားအဖြစ် ကူးပြောင်း ခဲ့တယ်။ ဓနစီးပွားရေးမဂ္ဂဇင်းမှာ သတင်း ဆောင်းပါးတွေ ရေးပါတယ်။ သတင်းစာ ပညာကို စနစ်တကျ မသင်ယူဘူးသေးတဲ့ အချိန်မှာ ဆရာ မောင်မိုးသူ၊ ဆရာမောင် ပေါ်ထွန်းတို့က ကျွန်တော့်ကို လက်တွဲ ခေါ်ယူပြီး အားပေး မြေတောင်မြှောက် ပေးခဲ့ကြပါတယ်။
မဂ္ဂဇင်းကနေ ဂျာနယ်ခေတ်ကို ပြောင်းလာချိန်မှာ ကျွန်တော့်ကလောင် သက်က နည်းနည်းရင့်လာပါတယ်။ ကျွန် တော့်နောက်မှ မီဒီယာလောကကို ဝင် ရောက်လာတဲ့သူတွေနဲ့ အတူ တွဲပြီး ကျွန်တော် အလုပ်လုပ်ရတယ်။
ဒီအချိန်မှာတော့ လက်တွဲခေါ်ရမယ့် တာဝန်၊ မြေတောင် မြှောက်ပေးရမယ့် တာဝန်တွေကို ကျွန်တော် နားလည်စပြုနေ ပါပြီ။ ကျွန်တော့်လုပ်ဖော်ကိုင်ဘက် လူသစ် တွေကို ရေကူးသင်မယ့်သူတွေလို ကျွန် တော် သဘောထားပါတယ်။ သူတို့ ရေထဲ ကို လက်တွေ့ဆင်းစေတယ်။ သူတို့ တတ် သလို ကူးအောင် အားပေးတယ်။ စနစ်ကျ အောင် မသိမသာလေးဘဲ တည့်မတ်ပေး တယ်။ ဘယ်တုန်းကမှ သူတို့ကို ကျွန်တော် က ဆရာလုပ်တယ်၊ သင်ပေးတယ်၊ ပြင်ပေး တယ်လို့ မခံစားရအောင် သတိနဲ့ ခပ်ခွာခွာ ကပဲ စောင့်ကြပ်ပေးတယ်။ တဖြည်းဖြည်းနဲ့ သူတို့ ကူးတတ်ခတ်တတ်လာတဲ့အခါ အား ပေးတယ်။ တဖြည်းဖြည်း ထိုက်တန်တဲ့ နေရာတွေကိုပေးတယ်။ ကျွန်တော့် လုပ် ဖော်ကိုင်ဖက် တော်တော်များများ ဟာ ယခုတော့ ချန်ပီယံတွေ ဖြစ်နေကြတာ တွေ့ရတော့ မုဒိတာ ပွားရပါတယ်။
တောက်မယ့်မီးခဲ တရဲရဲ ဆိုသလို ကိုယ်စွမ်းကိုယ်စနဲ့လည်း ချန်ပီယံ ဖြစ်နိုင် သူတွေရှိတယ်လို့ အချို့က ပြောချင်ပါလိမ့် မယ်။ ဒါကိုလည်း ကျွန်တော်လက်ခံပါတယ်။ တောက်မယ့်မီးခဲကို ပိုပြီးတောက်ပရဲရင့် အောင် အားပေးရင်တော့ ပိုပြီး လင်းလက် မယ်လို့ ကျွန်တော်ထင်ပါတယ်။ ရှေ့လူတွေ က နောက်လူတွေကို ပိုမို တောက်ပလာ အောင် ရဲရဲတောက်ပအောင် အားပေးစေ ချင်ပါတယ်။
တစ်ခါတစ်ရံမှာ ကိုယ့်လုပ်ဖော်ကိုင် ဖက် လူငယ်အချို့ ခြေလှမ်းမှားပြီး ယိမ်း ယိမ်းယိုင်ယိုင် ဖြစ်ကြရတာမျိုးလည်း ရှိပါ တယ်။ လဲလုလု ယိမ်းယိုင်သွားချိန်မှာ ဖေးမမယ့်လက်က အင်မတန် လိုအပ်ပါ တယ်။ ဖေးမ တွဲခေါ်မယ့်သူမရှိရင်၊ အဆင်း
မှာ ဘီးတပ်ပေးခံရရင် တစ်သက်လုံး နာလန်မထူနိုင်ဘဲ ချုံးချုံးကျသွားတတ် တယ်။ ကိုယ့်မျက်စိအောက်မှာပဲ ခြေချော် လက်ချော်ဖြစ်တဲ့ လူတော်လူငယ် အချို့ ဖေးမ မခံရတဲ့အပြင် နှိပ်ကွပ်ခံရပြီး ဗူးသီး နုနု အမွေးသပ်လိုက်သလို မကြီးထွားလာ တော့တာ မျိုးတွေလည်း မြင်ဖူးတယ်။ လူကြီးက လူငယ်ကို အရာရာမှာ ဖေးမ လက်တွဲပြီး အားပေးရမှာဖြစ်ပါတယ်။
နောက်လူတွေက ရှေ့လူတွေထက် ပိုပြီး သာလွန် ထူးချွန် ထက်မြက်နိုင်ကြပါစေ။
သဘောထားမြင့်မားတဲ့ လူကြီးများနဲ့ ဆုံ တွေ့ကြပါစေ။
ကျော်ရင်မြင့်
The Speaker News Journal အတွဲ ၁၊ အမှတ် ၎
(၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၆-၂၁)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment