Latest News

Friday, December 16, 2016

ပေါင်းတည်မြို့တွင် သမီးရည်းစားအချင်းချင်း စကားများ ရန်ဖြစ်ရာမှ နှစ်ဦးစလုံး မိမိကိုယ်ကို အဆုံးစီရင်မှု ဖြစ်ပွား

ပေါင်းတည်မြို့တွင် သမီးရည်းစားအချင်းချင်း စကားများ ရန်ဖြစ်ရာမှ နှစ်ဦးစလုံး မိမိကိုယ်ကို အဆုံးစီရင်မှု ဖြစ်ပွား

သီဟလွင် (မြစ်မခ)
ပြည်၊ ဒီဇင်ဘာ(၁၆)ရက်။

ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း ပေါင်းတည်မြို့တွင် သမီးရည်းစားအချင်းချင်း စကားများ ရန်ဖြစ်ရာမှ အမျိုးသားက ဆွဲကြိုးချသေဆုံးခဲ့ပြီး အမျိုးသမီးကပါ မိမိကိုယ်ကို အဆုံးစီရင်မှု ဖြစ်ပွားခဲ့ကြောင်း ပေါင်းတည် မြို့မရဲစခန်းမှ သိရှိရသည်။

“ကောင်မလေးနဲ့ ကောင်လေးနဲ့ ချိန်းတွေ့တာ စကားများကတောက်ကဆဖြစ်ကြတယ်ပေါ့။ အဲဒီမှာ ကောင်မ လေးက မချစ်တော့ဘူးလို့ပြောပြီး လှည့်ထွက်သွားပြီး ကောင်လေးက နင်မချစ်တော့ရင် ငါ့ကိုယ်ငါ သတ်သေ မယ်ဆိုပြီး ကောင်မလေးထွက်သွားတာ သိပ်ဝေးဝေးမရောက်ခင်မှာပဲ ၀တ်ထားတဲ့ ပုဆိုးကိုချွတ်ပြီး အနီး ကသစ်ပင်မှာ ကြိုးဆွဲချသေသွားတာ။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ကောင်မလေးကို စခန်းမှာ လိုအပ်တဲ့ အချက် အလက်တွေ မေးတာတွေလုပ်သေးတယ်။ ဒီမနက်မှာပဲ (ဒီဇင်ဘာ(၁၆)ရက်) ကောင်မလေးက ရေတွင်းထဲ ခုန်ချသေတယ်ဆိုတဲ့ သတင်းထပ်ဝင်လာတာပဲ။”ဟု ပေါင်းတည်မြို့မရဲစခန်းမှ တာဝန်ကျ ရဲအရာရှိ တစ်ဦးက ပြောသည်။

ပေါင်းတည်မြို့အုတ်ဖို(၁)ရပ်ကွက်တွင် ဒီဇင်ဘာလ (၁၅)ရက် ညပိုင်းက ယခုသေဆုံးခဲ့သူများဖြစ်သော ကိုမြင့်ဇော် (၃၀)နှစ်နှင့် မ၀င်းဝင်းအေး(၁၈)နှစ်တို့ သမီးရည်းစား စုံတွဲချိန်းတွေ့နေကြစဉ် စကားများကြရာ မ၀င်းဝင်းအေးက မချစ်နိုင်တော့ကြောင်း ပြော၍ လှည့်ထွက်သွားရာ ကိုက်၁၅၀ ခန့်အရောက်တွင် နောက် ပြန်လှည့်ကြည့်စဉ် ကောင်လေးမှာ ကြိုးဆွဲချအနေထားဖြစ်နေသဖြင့် မိဘများကို အကြောင်းကြားခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

ကောင်မလေးမှာလည်း ၎င်းအဖြစ်အပျက်ကြောင် ရေတွင်းထဲသို့ ခုန်ချသေဆုံးခဲ့ကြောင်း  ကောင်မလေး၏ ရုပ်အလောင်းကို ပေါင်းတည်မြို့ မင်းကွက် (၃)ရပ်ကွက်ရှိ ရေတွင်းထဲမှ ဒီဇင်ဘာ(၁၆) ရက် နံနက်ပိုင်းက ဆယ်ယူရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သတ်၍ အမျိုးသား သေဆုံးမှုအတွက် သေမှုသေခင်းအမှတ်စဉ် (၁၃/၂၀၁၆) အမျိုးသမီး သေဆုံးမှုအတွက် သေမှုသေခင်းအမှတ်(၁၄/၂၀၁၆) တို့ဖြင့် အမှုဖွင့်ကာ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်၊ မဟုတ် စုံစမ်းစစ်ဆေးမှုများပြုလုပ်နေကြောင်း ပေါင်းတည်မြို့မ ရဲစခန်းမှ သိရသည်။

Shwe Myitmakha Media Group

No comments:

Post a Comment