Latest News

Thursday, December 29, 2016

သတင်းတပ်ဖွဲ့မှူး အင်းစိန်ထောင်မှ လွတ်မြောက်ခြင်း

သတင်းတပ်ဖွဲ့မှူး အင်းစိန်ထောင်မှ လွတ်မြောက်ခြင်း


အကျဉ်းထောင်မှာ ကျွန်တော် တာဝန်ထမ်းဆောင်ခဲ့တုန်းက ၂၀၀၄ ခုနှစ်မှာ ထောက်လှမ်းရေး တပ်ဖွဲ့တစ်ခုလုံးက အရာရှိကြီး၊ အရာရှိငယ်၊ အရာခံ၊ အကြပ်ကြီးတွေအားလုံးနီးပါး ဖမ်းဆီးစစ်ဆေးခံကြရပြီး အကျဉ်းထောင်တွေထဲကို ပို့ဆောင်ခြင်းခံကြရပါတယ်။ အားလုံးက မမျှော်လင့်ထားတဲ့ အဖြစ်အပျက်ကြီးမို့ အံ့ဩတုန်လှုပ်စရာပါပဲ။ ထောက်လှမ်းရေးရုံးတွေ၊ တပ်ဖွဲ့တွေကို ကြည်းတပ် တပ်ဖွဲ့တွေက ဝင်စီး၊ ဖမ်းဆီးချုပ်နှောင် စစ်ဆေးနေတာတွေ ကြားသိခဲ့ရပါတယ်။ ၎င်းအတောအတွင်းမှာပဲ ပြည်ထဲရေးဝန်ကြီး ရုံးမတက်တော့ဘဲ ပြည်ထဲရေးရုံးအဖွဲ့မှူးနဲ့ ပြည်ထဲရေးဝန်ကြီးဌာနအောက်က ရုံး၊ ဌာနတွေမှာရှိတဲ့ ထောက်လှမ်းရေးတပ်ဖွဲ့ဝင်ဟောင်း အရာရှိကြီးတွေလည်း ခေါ်ဆောင်စစ်ဆေးခံကြရပါတယ်။ အဆက်အနွယ်မကင်းတဲ့ အချို့အရာရှိတွေနဲ့ ဝန်ထမ်းတွေလည်း ကိုယ့်ဘဝဘယ်လိုဖြစ်မယ်မသိသေးတော့ အထိတ်ထိတ် အလန့်လန့်ကာလပါ။ နေ့တစ်နေ့မှာတော့ ထောက်လှမ်းရေးတပ်ဖွဲ့က အပြင်မှာ စစ်ဆေးခံနေရတဲ့ အရာရှိကြီးတွေ အင်းစိန်ထောင်ကို ရောက်လာကြပါတယ်။ ထောင်တစ်ခုလုံးလည်း လှုပ်လှုပ်ရှားရှား ဖြစ်သွားပါတယ်။ ဘာကြောင့်လဲဆိုတော့ အခု အချုပ်သားအဖြစ် ရောက်လာတဲ့ထောက်လှမ်းရေးက ဗိုလ်မှူးချုပ်တွေ၊ ဗိုလ်မှူးကြီးတွေဆိုတာ အရင်တုန်းကဆိုရင် အကျဉ်းဦးစီးက အရာရှိတွေ၊ ဝန်ထမ်းတွေအနေနဲ့ ရှေ့မှာတောင် ရဲရဲသွားမရပ်ရဲလောက်အောင် အရှိန်အဝါကြီးမားတဲ့ ပုဂ္ဂိုလ်တွေဖြစ်လို့ပါ။ ဒါ့အပြင် အကျဉ်းဦးစီးဌာနဟာ ထောက်လှမ်းရေးရဲ့ ချုပ်ကိုင်ကြီးကြပ်မှုကိုခံနေရတဲ့ ဌာနတစ်ခုလည်း ဖြစ်ပါတယ်။ ဝန်ထမ်းတွေဟာ ထောက်လှမ်းရေးက ဖုန်းလာတယ်လို့ပြောလိုက်တာနဲ့ ရင်တုန်ပန်းတုန် ဖြစ်ခဲ့ကြရပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာနအောက်က ရဲတပ်ဖွဲ့နဲ့ ဦးစီးဌာနတွေမှာ လေးလပတ်အစည်းအဝေးကာလဆိုရင် နေ့လယ်ထမင်းစားပွဲတစ်ရက် ခမ်းနားစွာပြင်ဆင်ကျွေးမွေးကြရပါတယ်။ ဝန်ကြီးဌာနအောက်ကအရာရှိကြီးတွေအားလုံး တက်ရပါတယ်။ ထူးခြားချက်တစ်ခုကတော့ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန(စစစ)က ပြုလုပ်တဲ့ နေ့လယ်စာ စားပွဲရက်ဆိုရင် ထောက်လှမ်းရေးညွှန်ကြားရေးမှူးရုံး (ကကလှမ်း)က ဗိုလ်မှူးချုပ်နဲ့ ဗိုလ်မှူးကြီးတွေကို ဖိတ်တဲ့အတွက် အဲဒီပုဂ္ဂိုလ်များက ကြွရောက်ချီးမြှင့်ပါတယ်။ စသုံးလုံးညွှန်ချုပ်နဲ့ ရဲသတင်းတပ်ဖွဲ့ (SB) တပ်ဖွဲ့မှူးတို့ဟာ ထောက်လှမ်းရေးတပ်ဖွဲ့က မြှုပ်နှံထားတဲ့ အရာရှိကြီးတွေဖြစ်ပါတယ်။ စသုံးလုံးက ပြုလုပ်တဲ့ နေ့လယ်စာ စားပွဲတွေမှာတော့ စသုံးလုံးတပ်ဖွဲ့က အရာရှိကြီးတွေ ကြိုတင်နေရာယူပြီးရင် ရဲတပ်ဖွဲ့၊ ထွေ/အုပ်၊ အကျဉ်းဦးစီးဌာနတို့က ရဲချုပ်၊ ဒုရဲချုပ်၊ ညွှန်ချုပ်၊ ဒုညွှန်ချုပ်တွေ နေရာယူစောင့်ဆိုင်းရပါတယ်။ အဲဒီနောက်မှ ဝန်ကြီးနဲ့ ဒုဝန်ကြီးတို့ ရောက်လာပြီး ထိပ်ဆုံးစားပွဲ (Top Table) မှာ နေရာယူပါတယ်။ ဌာနတွင်းက လူအားလုံး စုံပါပြီ။ ဒါပေမဲ့ ထမင်းစားလို့မရသေးပါဘူး။ ထောက်လှမ်းရေးက ဧည့်သည်တော်ကြီးတွေ မရောက်သေးလို့ပါ။ နောက်ထပ် ၁၅ မိနစ်၊ မိနစ် ၂၀ လောက်ကြာမှယူနီဖောင်းစိမ်းစိမ်း၊ ရွှေရောင်အခွေ၊ အပွင့်တဝင်းဝင်းနဲ့ ဗိုလ်မှူးချုပ်များ၊ ဗိုလ်မှူးကြီးများ ရှူးဖိနပ်သံ တဒေါက်ဒေါက်ပေးပြီး ခန်းမထဲကို ဝင်လာကြပါတယ်။

ခန်းမထဲမှာရှိတဲ့ အရာရှိကြီးတွေလည်း ကမန်းကတန်းထရပ်ပြီး အလေးပြုကြ၊ ခါးကုန်းကြနဲ့ အရိုအသေပြုကြပါတယ်။ ပုဂ္ဂိုလ်ကြီးတွေကတော့ တစ်ချက်တလေ ဘေးဝေ့ကြည့်၊ ခပ်တည်တည်နဲ့ ခေါင်းညိတ်ခေါင်းဆတ်ပြကြပါတယ်။

"လာဟေ့ ညီလေးတို့ လာလာ၊ ထိုင်ကြ"

ဝန်ကြီးက မတ်တတ်ထ နှုတ်ဆက်ရင်း သူ့ စားပွဲမှာထိုင်ကြဖို့ လက်နဲ့ပြပြီး နေရာပေးပါတယ်။
"ဟာ အစ်ကိုကြီး။ စားနှင့်ရောပေါ့"

"ဝန်ကြီးစောင့်နေတာပဲ။ အားနာပါတယ်"

"အစ်ကိုကြီးက ဘာလို့စောင့်နေတာလဲ။ စားနှင့်ရောပေါ့။ ကျွန်တော်တို့လည်း လူစုပြီးလာတော့ ဟိုတစ်ယောက်က အလုပ်မပြတ်၊ ဒီတစ်ယောက် အလုပ်မပြတ်နဲ့"

ထောက်လှမ်းရေးရဲ့ အရှိန်အဝါကအဲဒီလောက် ကြီးပါတယ်။ ဒီတော့ ဒီပုဂ္ဂိုလ်ကြီးတွေ ထောင်ထဲရောက်လာတဲ့အခါ ထောင်ထဲမှာ သဲသဲအုတ်အုတ်၊ ရုတ်ရုတ်ကျက်ကျက်ဖြစ်သွားတာ ဘာမှမထူးဆန်းလှပါဘူး။ သူတို့အားလုံးကို ဗဟိုထောင်(အင်းစိန်)ထောင်ကြီးမှာ မထားဘဲ ရုံးချုပ်ဘက်နီးတဲ့ သီးသန့်ထောင်(အင်းစိန်ထောင်လေး)က တိုက်ခန်းတွဲတွေမှာ တစ်ခန်းတစ်ယောက် ထည့်ထားပါတယ်။ သူတို့ကို စစ်ဆေးပြီးပြီမို့ တရားစွဲတင်ဖို့ အင်းစိန်ထောင် ပို့လိုက်တာပါပဲ။ သူတို့ ရောက်လာတဲ့အချိန်မှာ တစ်ကိုယ်ရေသုံး ပစ္စည်းတွေ မပါလာတာ၊ လဲစရာ ဖယ်စရာအဝတ်အစား၊ ခြုံစရာစောင် စသည့် ပြည့်ပြည့်စုံစုံ မပါလာတာ တွေ့ရတော့ တကယ်စိတ်မကောင်းပါဘူး။ ဒါပေမဲ့လည်း "ခဏလိုက်ခဲ့ပါဦး" ဆိုပြီး ခေါ်ခေါ်လာကြလို့ ထောင်ထဲရောက်ရောက် လာတဲ့ လူငယ်တွေ၊ မိန်းကလေးတွေမှာလည်း ခြုံစရာ၊ လဲစရာ၊ ဝတ်စရာ ဘာမှပါမလာခဲ့ကြတာ၊ အချုပ်သားဖြစ်လို့ အကျဉ်းထောင်ကလည်း ထုတ်မပေးနိုင်ခဲ့တာ၊ ယာယီထုတ်ပေးချင်ပေမယ့်လည်း ခွင့်မပြုခဲ့တာတွေ ပြန်တွေးသတိရမိပြန်ပါတယ်။

လက်ရှိအခြေအနေမှာတော့ သူတို့နဲ့ပတ်သက်ပြီး ကျွန်တော်တို့ အတော်သတိထားရပါတယ်။ သူတို့ရဲ့ပြဿနာအနေအထားက ပြောရရင် မင်းမျက်သင့်တာ၊ မင်းဘေး-မင်းဒဏ်သင့်တာပါ။ ထောင်ထဲမှာလည်း ယခင်တုန်းကသူတို့နေရာတွေမှာရောက်ပြီး စောင့်ကြည့်သတင်းယူနေတဲ့အဖွဲ့တွေရှိတော့ သူတို့ကို ကျွန်တော်တို့ ဘယ်လိုဆက်ဆံရမလဲဆိုတာ အတော်စဉ်းစားရပါတယ်။ ဝန်ထမ်းတွေကိုလည်း တာဝန်အရ စောင့်ကြပ်ဆက်ဆံရတာကလွဲပြီး မလိုအပ်ဘဲ စကားမပြောဖို့၊ ဘယ်ကိုမှ မခေါ်ဖို့မှာ ထားရပါတယ်။ သူတို့ဟာ တစ်ချိန်တုန်းက အရာရှိနဲ့ ဝန်ထမ်းတွေအားလုံးက "အဘ"လို့ ခေါ်ပြီး အရိုအသေပြုခဲ့ရတဲ့သူတွေပါ။ ပြဿနာက ထောင်ထဲမှာ အချုပ်သား၊ အကျဉ်းသားကို 'ဦး'တွေ၊ 'ဒေါ်' တွေ၊ 'မောင်'တွေ တပ်ခေါ်လို့မရဘူး။ ထုံးစံမရှိပါဘူး။ အကျဉ်းထောင်ဥပဒေမှာ ဘယ်လိုခေါ်ပြောရမယ်ဆိုတာ ပါပြီးသားပါ။

ကျွန်တော်လည်း အတော်စိတ်ရှုပ်ရပါတယ်။ ကျွန်တော် ခြေလျင်တပ်မှာတုန်းက သူတို့ထဲကတချို့ လုပ်ဖော်ကိုင်ဖက် ဖြစ်ဖူးပါတယ်။ တချို့က သူငယ်ချင်းတွေ၊ မိတ်ဆွေတွေပါ။ ကျွန် တော် သူတို့ကို ဘယ်လိုဆက်ဆံရမလဲ၊ ဘယ်မျက်နှာနဲ့ ဘယ်လိုကြည့်ပြီး ဘယ်လိုခေါ် ပြောရမှာလဲ။ သူတို့တစ်တွေ စင်ပေါ်ရောက်နေတုန်းက ကျွန်တော်တို့အပေါ် မောက်မာခဲ့တာ၊ အထက်စီးက ဆက်ဆံခဲ့တာ၊ ရင့်သီးခဲ့တာ၊ မသိသလို၊ မမြင်ဘူးသလို လုပ်ခဲ့တာတွေ ရှိပေ မယ့် ဒီအချိန်မျိုးမှာတော့ စာနာစိတ်နဲ့ကျွန်တော်တို့ စိတ် မကောင်းတာအမှန်ပါပဲ။ ကျွန်တော် သူတို့နဲ့တွေ့ဖို့ ဝန်လေးပါတယ်။ မသွားလို့လည်းမရဘူး။ ကျွန်တော့်မှာ တာဝန်ရှိပါတယ်။ ဒီတော့ ကျွန်တော် ညသန်းခေါင်ကျော် ၂ ချက်၊ ၃ နာရီလောက်မှ ထောင်ထဲဝင်ပြီး သူတို့အခန်းတွေ သွားစစ်ရပါတယ်။ မြင်ရတဲ့ မြင်ကွင်းတွေက တကယ်တရားကျဖို့ကောင်းပါတယ်။ နိုင်ငံနဲ့ချီပြီး ဘုန်းမီးနေလတောက်ခဲ့တဲ့ ပုဂ္ဂိုလ်တွေ အခုတော့ မီးလုံးဝါကျင်ကျင်၊ မှိန်စုတ်စုတ်နဲ့ အခန်းကျဉ်းလေးထဲက သမံတလင်းပေါ် ခင်းထားတဲ့ ဖျာကြမ်းလေးပေါ်မှာ စောင်မပါ၊ ခေါင်းအုံးမပါနဲ့ လက်ကလေးခေါင်းအုံးပြီး ကွေးကွေးလေး အိပ်နေလိုက်ကြတာ။ သူတို့မိသားစုတွေ မြင်ရင်တော့ ရင်နင့်ကြေကွဲကြမှာပါပဲ။ တချို့လည်း အိပ်မပျော်တပျော်။ ခြင်ကလည်း ကိုက် တော့ 'ဖတ်' ခနဲ ခြေသလုံးရိုက်လိုက်။ 'ဖတ်'ခနဲ မျက်နှာရိုက်လိုက်နဲ့ပါ။ တချို့လည်း အသက် မှန်မှန်ရှူပြီး အိပ်ပျော်နေကြလေရဲ့။ ဒီမှာ ထူးခြားချက်တစ်ခု တွေ့ပါတယ်။

ရဲသတင်းတပ်ဖွဲ့၊ တပ်ဖွဲ့မှူး ဗိုလ်မှူးကြီးသက်ထွဋ်ဟာ ထောက်လှမ်းရေးတပ်ဖွဲ့ကနေ မြှုပ်နှံထားတဲ့သူဖြစ်ပါတယ်။ ကျွန်တော်နဲ့ သူနဲ့ ရင်းနှီးချစ်ခင်မှု ရှိပါတယ်။ စစ်တပ်မှာ သူက ကျွန်တော့်ထက် စီနီယာကျပါတယ်။ သူက လူပျိုကြီးလည်းဖြစ်ပြီး ဘာ သာရေးသမား၊ မိခင်ကို လုပ်ကျွေးနေတဲ့သူလည်း ဖြစ်ပါတယ်။ သူဟာ ထောက်လှမ်းရေးတပ်ဖွဲ့က အရာရှိကြီးဖြစ်ပေမယ့် ရိုးသားပွင့်လင်းတဲ့သူ၊ အခွင့်အရေးမယူတတ်တဲ့သူ၊ ကိုယ်ကျင့်သိက္ခာကို ထိန်းသိမ်းတန်ဖိုးထားတဲ့သူ ဖြစ်ပါတယ်။ ပြောရရင် ကိုယ်ကျိုးနည်းပါးတယ်။ ကျွန်တော်နဲ့သူနဲ့က ရခိုင်ပြည်နယ် မောင်တောမြို့က ကျီးကန်းပြင်မှာ နယ်စပ်ဒေသ လူဝင်မှုကြီးကြပ်ရေးနဲ့ စစ်ဆေးရေးဌာနချုပ်ရဲ့ ဌာနချုပ်မှူးအဖြစ် သူလုပ်တဲ့အချိန်တုန်းကတည်းက ဆုံခဲ့ကြပါတယ်။ ကျွန်တော်က စစ်တွေမှာ တာဝန်ကျနေတဲ့အချိန်ပါ။ သူက ထောက်လှမ်းရေးက အရာရှိကြီးဖြစ်ပေမယ့် အစိုးရနဲ့ပတ်သက်ပြီး သူမကြိုက်တဲ့၊ မမှန်ကန်တဲ့လုပ်ရပ်ဆိုရင် ပွင့်လင်းစွာပြောပြပြီး ဝေဖန်တတ်ပါတယ်။ နောက် ကျွန်တော် အကျဉ်းဦးစီးဌာနကို ရောက်တော့ ရဲသတင်းတပ်ဖွဲ့မှူး ဖြစ်တဲ့ သူနဲ့ ပြန်ဆုံပါတယ်။ စက်မှု (၁) လမ်းမှာရှိတဲ့ ပြည်ထဲရေးဝန်ကြီးရုံးကို သွားရတဲ့အခါ အချိန်ရရင် အပေါ်ဆုံးအထပ်မှာရှိတဲ့ သူ့ရုံးခန်းကိုသွားပြီး သူနဲ့စကားပြောဆိုလေ့ ရှိပါတယ်။

သူက အသားဖြူဖြူ၊ အရပ်ရှည်ရှည်၊ မျက်နှာ သွယ်သွယ်နဲ့ရုပ်ရည် အတော်ပြေပြစ် ကြည့်ကောင်းတဲ့သူပါ။ ကျွန်တော်က သူ့ကိုအိမ်ထောင် ပြုဖို့ကိစ္စပြောရင် အမေရှိနေလို့ အလုပ်တွေလုပ်နေတာ။ အမေမရှိတော့ရင် ဘုန်းကြီးဝတ်မယ်လို့ အမြဲ ပြောတတ်ပါတယ်။ အမှန်တော့ သူက ယူနီဖောင်း အစိမ်းဝတ်ပြီး ကကလှမ်းမှာပဲ ရှိချင်တာပါ။

ရဲသတင်းတပ်ဖွဲ့ကို အပို့ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး သူ အတော်မကျေလည်ပါဘူး။ သူ့ခံစားချက်တွေ ကျွန်တော့်ကို ဖွင့်ပြောပြပါတယ်။ ကျွန်တော် တိုက်ခန်းတွေကို သွားကြည့်တဲ့အခါ ထူခြားချက် တစ်ခုတွေ့တယ်ဆိုတာ သူပါပဲ။

သီးသန့်ထောင်ရဲ့ တိုက်ခန်းတွေကို ညဘက် ကျွန်တော် သွားကြည့်တဲ့ အခါတိုင်း ထောက် လှမ်းရေးက တခြားအရာရှိကြီးတွေ အိပ်ပျော်နေကြ၊ ခြင်ရိုက်နေကြပေမယ့် ကိုသက်ထွဋ်က တော့ အပေါက်ဝ သံတိုင်တံခါးဘက် မျက်နှာမူပြီး တင်ပျဉ်ခွေထိုင်ကာ လက်ဖဝါးနှစ်ဖက်ထပ်၊ ခါးဆန့်၊ မျက်စိစုံမှိတ်လို့ တရားထိုင်နေတာကို အမြဲတွေ့ရ တာပါပဲ။ သူ့မှာ သောကရှိမှာ ဖြစ်ပေမယ့် မျက်စိ စုံမှိတ်ထားတဲ့ သူ့မျက်နှာပေါ်မှာ သောကအရိပ်ကို မတွေ့ရဘဲ ငြိမ်သက်မှုကိုပဲ တွေ့ရပါတယ်။

အရင်တုန်းက သူနဲ့ကျွန်တော် တွေ့ဆုံတိုင်း ဘုရားအကြောင်း တရားအကြောင်းပဲ ပြော တတ်ပြီး တရားစခန်းဝင်၊ တရားထိုင်တတ်တဲ့ အလေ့အထရှိတာကို သိထားတာမို့ တိုက်ခန်းထဲမှာ သူ တရားထိုင်နေတာဟာ ကျွန်တော့်အတွက် အထူးအဆန်းမဟုတ်ပါဘူး။ တကယ် တော့ သူနဲ့ ကျွန်တော်နဲ့ကြား သံချောင်းလုံးတွေ တပ်ထားတဲ့ တံခါးတစ်ချပ်သာ ခြားပေမယ့် မျက်စိစုံမှိတ်ထားတဲ့သူကတော့ ကျွန်တော့်ကို မတွေ့မမြင်တော့ပါဘူး။ သူ့အနေအထိုင်နဲ့ ပတ်သက်လို့ စောင့် ကြပ်တဲ့ဝန်ထမ်းတွေကို မေးကြည့်တဲ့အခါမှာ ညလုံးပေါက်နီးပါး တရား ထိုင်တတ်ကြောင်းနဲ့ အအိပ်အနေနည်းကြောင်းသိရလို့ ရေရှည်အတွက် ဖြစ်ပါ့မလားလို့ စိတ်ပူမိပါတယ်။

"ကိုသက်ထွဋ်ကို လူကြီးတွေက လွှတ်ခိုင်းပြီကွာ။ သက်ထွတ်က အမေကို လုပ်ကျွေးနေတာ ပဲ။ ဒီကောင် လူပျိုပဲ။ ဘာမှလည်း ရှိတာမဟုတ်ဘူး။ စစ်ဆေးချက်တွေမှာလည်း ဘာမှ ထူးထူးခြားခြားမတွေ့ရဘူး။ ဒီကောင့်တော့ လွှတ်လိုက်ပါလို့ပြောတယ်။ အဲတော့ မင်းတို့ ကိုသက်ထွဋ်ကို လွှတ်ဖို့လုပ်တော့။"

တစ်နေ့ ဝန်ကြီးနဲ့ ညွှန်ကြားရေးမှူးချုပ်တို့ တွေ့ဆုံကြတုန်း ဝန်ကြီးက ပြောတာပါ။ ဝန်ကြီးကလည်း အသစ်ရောက်လာတာ ဖြစ်ပေမယ့် ကိုသက်ထွဋ်ကို သိကြောင်းပြောပါတယ်။ ကိုသက်ထွဋ်ကို လွှတ်ခိုင်းတာနဲ့ပတ်သက်ပြီး သူလည်း သဘောတူပုံရပါတယ်။ ကျွန်တော်လည်း အနားမှာရှိနေတာမို့ အံ့အားလည်းသင့်၊ ဝမ်းလည်းသာသွားပါတယ်။ မိခင်အိုကြီးကို ဦးထိပ်ထားပြီး ပြုစုလုပ်ကျွေးတဲ့ အကျိုးကျေးဇူးကြောင့် ဖြစ်မှာပဲလို့လည်း တွေးမိပါတယ်။ ကိုသက်ထွဋ် ထောင်ထဲ ရောက်တာ တစ်လခန့်လောက်ပဲ ရှိဦးမှာပါ။ ဒီသတင်းသာ သူသိရင် ဘယ်လောက် ဝမ်းသာလိုက်မလဲ။ စိုးရိမ်ထိတ်လန့် ကြေကွဲနေတဲ့ သူ့မိခင်ကြီးရော ဘယ်လောက် ဝမ်းမြောက်လိုက်လေမလဲ။ ကျွန်တော့်ရင်ထဲမှာ အရှိန်အဟုန်တစ်ခု ဝင်ရောက်လာနေပါတယ်။ ဒါကြောင့် ရုံးပြန်ရောက်တာနဲ့ ကိုသက်ထွဋ်ကို အသိပေးဖို့ကိစ္စ ကျွန်တော် တာဝန်ယူပါရစေလို့ ညွှန်ကြားရေးမှူးချုပ်ကိုတင်ပြပြီး ကျွန်တော် သီးသန့်ထောင်ဘက် ထွက်ခဲ့ပါတယ်။ နေ့လယ်ဘက် တိုက်ခန်းတွေဆီကို ကျွန်တော် တစ်ခါမှ မလာဘူးတာမို့ သူတို့အခန်းရှေ့က ကျွန် တော် ဖြတ်လျှောက်သွားချိန်မှာအထဲက ပုဂ္ဂိုလ်တွေ စိတ်ဝင်တစား ပြူးတူးပြဲတဲနဲ့ ကျွန်တော့်ကို လှမ်းကြည့်ကြပါတယ်။ ဒီအချိန်မှာ သူတို့ ကျွန်တော် နဲ့ စကားပြောလိုကြမှာဖြစ်ပေမယ့် ကျွန်တော့်ဘက်က အတော်ခက်ပါတယ်။ မဖြစ်နိုင်တဲ့၊ ဘာမှန်းမသိတဲ့ မျှော်လင့်ချက်တွေလည်း ကျွန်တော်မပေးချင်ပါဘူး။

ဒါကြောင့် မျက်နှာလွှဲလွှဲနဲ့ပဲ ကိုသက်ထွဋ် အခန်းရှေ့ကို သုတ်သုတ်သွားခဲ့လိုက်ပါတယ်။ သူ့အခန်းရှေ့ရောက်လို့ လှေကား နှစ်ထစ်ကို ကျွန်တော် တက်လိုက်တာနဲ့ အခန်းထဲက ကိုသက်ထွတ်ဟာ မတ်တတ်ထရပ်ပြီး တံခါးသံတိုင်ကို ဆုပ်ကိုင်လိုက်ပါတယ်။ သူနဲ့ ကျွန်တော်နဲ့ကြားမှာ သံတိုင် တံခါးတစ်ချပ်သာ ခြားပြီး လူချင်းနှစ်ပေ လောက်ပဲ ကွာမှာပါ။ သူ့ဆီက စကားတစ်ခွန်းမှ ထွက်မလာဘဲ ကျွန်တော့်မျက်နှာကို ခပ်ကြောင်ကြောင်ကြည့်နေပါတယ်။

"အစ်ကို လွတ်ပြီဗျ။ အစ်ကိုလွတ်ပြီ။"

ကျွန်တော်လည်း ပြောချင်လွန်းတာနဲ့ အရင်းမရှိ အဖျားမရှိ ဘာမှ ပလ္လင်ခံမနေတော့ဘဲ ပြောချလိုက်ပါတယ်။ သူ့မျက်နှာပေါ်မှာ အပြောင်းအလဲတချို့ ဖြစ်သွားပေမယ့် ဘာစကားသံမှ ထွက်မလာသေးပါဘူး။ ဒါပေမဲ့ စိတ်စောပြီး စိတ်အားထက်သန်တဲ့ မျက်လုံးမျိုးနဲ့ ကျွန်တော့်ကို ပြန်ကြည့်နေပါတယ်။

" အစ်ကို့ကို လူကြီးတွေက လွှတ်ခိုင်းလိုက်ပြီဗျ။ အစ်ကို့မှာ ထူးထူးခြားခြား အပြစ်မတွေ့ဘူး။ အစ်ကိုက မိခင်ကြီးကို လုပ်ကျွေးနေတာ။ ဒီကောင့်ကို လွှတ်ပေးလိုက်တော့လို့ပြောတယ်။"

ဒီတစ်ခါ ကျွန်တော့်စကားအဆုံးမှာ ကျွန်တော့်ကို စိုက်ကြည့်နေတဲ့ ကိုသက်ထွဋ်ရဲ့ မျက်လုံးအစုံက မျက်ရည်တွေ စိမ့်ကျလာပါတယ်။

ကိုသက်ထွဋ်က ပါးပေါ်စီးကျလာတဲ့ မျက်ရည်စ ကိုလက်ညှိုးနဲ့တို့သုတ်ရင်း အသံခပ်တိုးတိုးနဲ့ ...

" ဝမ်းသာလိုက်တာ ကိုကျော်ရာ။ ကျွန်တော် တကယ်ဝမ်းသာတယ်။ လူကြီးတွေကိုလည်းကျေးဇူး တင်ပါတယ်ဗျာ။ အမှန်ပြောရရင် ကျွန်တော့်ကို ခြေလျင်တပ်ရင်းမှာ ခေါ်ပြီးစစ်ဆေးနေတဲ့ အချိန်အထိ ငါလွတ်မှာပဲလို့ ကျွန်တော် မျှော်လင့်ထား ပါသေးတယ်။ ဒါပေမဲ့ စစ်ဆေးပြီးလို့ ထောင်ပို့လိုက်ကတည်းက ကျွန်တော် မျှော်လင့်ချက်မထားတော့ပါဘူး။ ဝမ်းသာပါတယ်ဗျာ။ ကျွန်တော့် အမေသိရင်လည်း ဝမ်းသာမှာပါ။"

ကျွန်တော်လည်း ကိုသက်ထွဋ်လက်ကို လှမ်းကိုင်ဆုပ်လိုက်ပြီး စိတ်ကြည်နူးချမ်းမြေ့မှုများနဲ့ ရုံးကို ပြန်ခဲ့ပါတယ်။ ကိုသက်ထွဋ်ကို လွှတ်ဖို့ ရုံးကိစ္စတွေ ဆက်လုပ်ရဦးမှာပါ။ အဲဒီနောက် ထောင်ကလွတ်ပြီး သိပ်မကြာခင် ကိုသက်ထွဋ် ရိပ်သာဝင်သွားတယ်လို့ ကြားသိလိုက်ရပါတယ်။ အခုနောက်ပိုင်းတော့ အဆက်အသွယ်မရှိတော့တာမို့ ကိုသက်ထွဋ်သတင်း မကြားရတော့ပါဘူး။

ညိုလွမ်းအောင်
The Speaker News Journal အတွဲ ၁ အမှတ် ၂
(၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁ - ၈)


No comments:

Post a Comment