Latest News

Thursday, September 8, 2016

လူတစ်ဦးသေဆုံးသည်အထိ ဖြစ်ပွားခဲ့သည့် လပွတ္တာ လယ်သမားအချင်းချင်း ပဋိပက္ခမှ သံသယရှိသူ လယ်သမား ၁၁ ဦးကိုဖမ်းဆီးထား


ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ ရွှေကျွန်းသာဒေသ ကြာကန်-ကွင်းပေါက် သစ်တောကြိုးဝိုင်း၊ အကွက်အမှတ် ၆ တွင် စက်တင်ဘာလ ၃ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့သော လယ်သမား အဓိကရုဏ်းအတွက် လယ်သမားများကို ဆက်တိုက်ဖမ်းဆီးနေရာ စက်တင်ဘာလ ၆ ရက်နေ့အထိ လယ်သမား ၁၁ ဦးကို ဖမ်းဆီးထားကြောင်း ဒေသခံများထံမှ သိရှိရသည်။
မြေယာပိုင်ဆိုင်မှု အငြင်းပွားရာမှ မူလလက်ငုပ်လယ်သမားများနှင့် လက်ရှိလုပ်ကိုင်နေသူ လယ်သမားများ ဖြစ်ပွားခဲ့သည့် အဓိကရုဏ်းအတွင်း ၁ ဦးသေဆုံးကာ ၄ ဦးဒဏ်ရာရရှိခဲ့သည့်အတွက် မူလလက်ငုပ်လယ်သမား ၈ ဦးနှင့် လက်ရှိလုပ်ကိုင်သူ လယ်သမား ၃ ဦးကို ဖမ်းဆီးထားကြောင်း ဒေသခံလယ်သမားများက စက်တင်ဘာလ ၆ ရက်နေ့က သတင်းစာရှင်းလင်းပွဲပြုလုပ်ရာတွင် ထည့်သွင်းပြောကြားသည်။
‘အခင်းဖြစ်ပွားရာနေရာမှာ မရှိတဲ့သူတွေရော ပြစ်မှုနဲ့မသက်ဆိုင်သူတွေအားလုံးကို လိုက်ဖမ်းနေတော့ အကုန်လုံးအိမ်ထဲကအိမ်ပြင်တောင် မထွက်ရဲကြပဲ ဘယ်မှမသွားရ ဘာမှမရှာရတော့ ငတ်လုမ တတ်ဖြစ်နေပါတယ်’ဟု သတင်းစာရှင်းလင်းပွဲတွင် မူလလက်ငုပ်တောင်သူ ဦးဝင်းနိုင်က ပြောသည်။
လပွတ္တာမြို့နယ်၊ ရွှေကျွန်းသာဒေသတွင် ၁၉၇၀ ခုနှစ်များက စတင်၍ ဒေသခံများက တောများခုတ်ထွင်ရှင်းလင်း၍ လယ်ယာမြေများ လုပ်ကိုင်ခဲ့ကြရာ ၁၉၉၂ ခုနှစ်တွင် ဒီရေတောစီမံကိန်းအဖြစ် ရွှေကျွန်းသာဒေသရှိ လယ်ယာမြေ ဧက ၈၀၀၀ ကျော်ကို သစ်တောဌာနဦးစီးဌာနက သိမ်းယူခဲ့သည်။
မြေသိမ်းခဲ့သော်လည်း သစ်တောဦးစီးဌာနအနေဖြင့် ဒီရေတောစီမံကိန်းကို အကောင်အထည်ဖော်နိုင်ခြင်း မရှိခဲ့ပဲ သီးစားခရယူ၍ လယ်သမားတချို့ကို လယ်စိုက်ခွင့်ပြုခဲ့ပြီးနောက်ပိုင်း ရွှေကျွန်းသာဒေသရှိ လယ်ယာမြေများကို အုပ်ချုပ်ရေးတာဝန်ရှိသူများနှင့် သစ်တောဌာနနှင့် နီးစပ်သည့်လယ်သမားများက လုပ်ကိုင်ခဲ့ကြကြောင်း ဒေသခံတို့ကဆိုသည်။
ဒီရေတောစီမံကိန်းအဖြစ် မြေသိမ်းခံခဲ့ရသည့် မူလလက်ငုပ်လယ်သမားများက ၎င်းတိုကိုလည်း ရွှေကျွန်းသာတွင် လယ်လုပ်ခွင့်ပြုရန် ၂၀၁၃ ခုနှစ်ကစတင်၍ တောင်းခံခဲ့ရာမှစတင်ကာ မူလလက်ငုပ်နှင့် လက်ရှိ လက်ငုပ်လယ်သမားများအကြား အငြင်းပွားမှုများ စတင်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်သတ်ဖြတ်မှုများ ယခုတစ်ကြိမ်အပါအ၀င် ၄ ကြိမ်ဖြစ်ပွားခဲ့သည်။
ယခုတစ်ကြိမ်ဖြစ်ပွားသော အကြမ်းဖက်မှုများအတွက် ရွှေကျွန်းသာဒေသတွင် စက်တင်ဘာ ၆ ရက်နေ့အထိ ချထားသော လုံခြုံရေးအင်အားမှာ ရဲတပ်ဖွဲ့ဝင် ၄၂ ဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူးအပါအဝင် ၆ ဦး၊ မြို့နယ်သစ်တောဦးစီးမှူးပါ ၇ ဦး လယ်ယာမြေ စီမံခန်ခွဲရေးအဖွဲ့များ၊ ကျေးရွာပူးပေါင်းအဖွဲ့များနှင့် စောင့်ကြည့် လုံခြုံရေးဆောင်ရွက်နေကြောင်း သိရသည်။
“ပဋိပက္ခဖြစ်ပွားနေတဲ့ လပွတ္တာမြို့နယ်ကို ဒု တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးလှိုင်တင့်က လပွတ္တာခရိုင် ရဲတပ်ဖွဲ့ကို အနီးကပ်ကွပ်ကဲနေပြီး ပဋိပက္ခတွေကို တားဆီးထိန်းသိမ်းဖို့ တာဝန်ပေးထားပါတယ်”ဟု ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးထွန်းမင်းက ပြောသည်။
ဖမ်းဆီးထားသော မူလပိုင်ရှင်လယ်သမား ၈ ဦးကို လူတစ်ဦးသေဆုံးအောင်လုပ်ခဲ့သည့်အတွက် ပြင်စလူနယ်မြေ ရဲစခန်းမှ (ပ)၃၇/၂၀၁၆ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂/၃၃၇/၁၁၄ တို့ဖြင့် အမှုဖွင့်စစ်ဆေးနေပြီး ဖမ်းဆီးထားသည့် လက်ရှိလုပ်ကိုင်သူ လယ်သမား ၃ ဦးကို ပြင်စလူနယ်မြေရဲစခန်းမှ (ပ)၃၈/၂၀၁၆ ရာဇသတ်ကြီးပုဒ်မ ၃၂၆/၁၁၄ ဖြင့် အမှုဖွင့်လှစ်စစ်ဆေးနေကြောင်း သိရသည်။
MMK
The Ladies News

No comments:

Post a Comment