Latest News

Saturday, September 3, 2016

ပဋိပက္ခတွေကို ဘယ်သူကစပြီး သင်ပုန်းချေမလဲဆိုတာကို အဓိကထားလုပ်ဆောင်နေကြပါတယ်


တွေ့ဆုံမေးမြန်း - ရာမည၊ အေးအေးမြင့်၊ ဓာတ်ပုံ - ကိုထက်
နေပြည်တော် စက်တင်ဘာ ၃
လွတ်လပ်ရေးရပြီးနောက်ပိုင်း နှစ်ပေါင်း ၇ဝ နီးပါးမငြိမ်းချမ်းမှုများ၊ စစ်ပွဲများ အဆုံးသတ်စေရန်ရည်ရွယ်လျက် တိုင်းရင်းသားလူမျိုးပေါင်းစုံ ပါဝင်သော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁)ရာစု ပင်လုံ ကို နေပြည်တော်ရှိ MICC-2 ၌ ကျင်းပလျက်ရှိရာ ယနေ့တွင် စတုတ္ထနေ့သို့ပင် ခရီးပေါက်ခဲ့ပြီဖြစ်သည်။ ယနေ့ညီလာခံတက်ရောက်လာကြသော လူထုလူတန်းစားအလွှာအသီးသီးမှ ညီလာခံ အပေါ်ရှုမြင်မှု များကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

မန်းဂျော်နီ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်
မေး။ ။ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်အနေနဲ့ ဒီညီလာခံမှာ ဆွေးနွေး သူတွေရဲ့သဘောထားအပေါ်မှာ ဘယ်လိုများ ထင်မြင်မိလဲဆိုတာ သုံးသပ်ပေးပါ။
ဖြေ။ ။ဒီညီလာခံမှာ မနေ့တစ်နေ့က ဆွေးနွေးသွားတဲ့ အယောက် ၆ဝ ကျော်ရဲ့ဆွေးနွေးချက်တွေကိုပြန်ကြည့် မယ်ဆိုရင် အားလုံးက ငြိမ်းချမ်းရေးကိုလိုချင်ကြပါတယ်။ လက်နက်နဲ့နှစ်ပေါင်း ၆ဝ ကျော် ၇ဝ နီးပါးလုပ်ခဲ့ကြတာ တွေကို သူတို့တစ်ယောက်မှ မကြိုက်ဘူး ဆိုတာ ပေါ်လွင်နေပါတယ်။ ငြိမ်းချမ်းရေးအားဖြင့် ၁၉၄၇ ခုနှစ် ပင်လုံ တုန်းက လွတ်လပ်ရေးရအောင် ယူနိုင်ခဲ့တယ်။ အခု (၂၁)ရာစုပင်လုံကျတော့
ငြိမ်းချမ်းရေးကိုရအောင်ယူ ပြီးတော့ တိုင်းပြည်တိုးတက်အောင် လုပ်ဖို့ဆိုတဲ့အမြင် ဘက်ကို အားလုံးသွားနေကြပါတယ်။ ကျွန်တော်တို့ အားလုံး ဟာ ငြိမ်းချမ်းရေးကိုမြတ်နိုးကြတယ်၊ လိုချင်ကြတယ် ဆိုတာမှန်ပါ
တယ်။ ဒါပေမယ့် Peace Level ဖြစ်ရုံနဲ့ မရပါဘူး။ Peace Maker တွေဖြစ်အောင်လုပ်ရပါမယ်။
ငြိမ်းချမ်းရေးကို ရအောင်ယူနိုင်တဲ့သူတွေဖြစ်ရပါမယ်။
ဘာဖြစ်လို့လဲဆိုရင် ဒီညီလာခံကို တက်ရောက်လာတဲ့ သူတွေအားလုံးဟာ နောက်လိုက်တွေမဟုတ်ကြပါဘူး။ ခေါင်းဆောင်တွေဖြစ်ပါတယ်။ ခေါင်းဆောင်တွေဆိုတော့ သူတို့အမြင်က (Collective Leadership) စုပေါင်း ဦးဆောင်ပြီးတော့ သူ့လူမျိုး၊ သူ့ဒေသကိုဦးဆောင်ပြီးတော့ ငြိမ်းချမ်းရေးကို တကယ်လိုချင်ရင်
ရကိုရမှာပါ။ ငြိမ်းချမ်း ရေးရဖို့အတွက် ဘာတွေလုပ်ဆောင်ရမလဲဆိုရင် မိမိအုပ်စု တစ်စုအတွက်၊မိမိလူတစ်စုအတွက်၊ မိမိပြည်နယ်တစ်ခု အတွက်ဆိုတဲ့ အတ္တတွေကိုလျှော့ချနိုင်ရပါမယ်။ အဲလို မလျှော့ချနိုင်ဘဲ
ကိုယ်လိုချင်တာတွေပဲ ပြောနေမယ်၊ ကိုယ့်အကျိုးအတွက်ပဲပြောနေမယ်ဆိုရင် ငြိမ်းချမ်းရေးကဖြစ်
မလာနိုင်ပါဘူး။
အခုဖော်ဆောင်မယ့်ခေါင်းဆောင်တွေအားလုံးဟာ နိုင်ငံနဲ့ နိုင်ငံ့အကျိုးကိုမျှော်ကိုးပြီးတော့ ကိုယ့်အကျိုးကို
လျှော့ပြီးတော့သွားမယ်ဆိုရင် အောင်မြင်မယ်လို့ ယူဆပါတယ်။ ပြန်သွားတဲ့အဖွဲ့တွေအနေနဲ့လည်း တစ်ဦးနဲ့ တစ်ဦး နားလည်မှုလေးတွေလွဲသွားတယ်လို့ထင်ပါတယ်။ ဒါပေမယ့်ဒါတွေက ခွင့်လွှတ်လို့ရတဲ့ကိစ္စတွေပါ။ သူတို့ ပြန်လာအောင် ကျွန်တော်တို့ က ပြန်ခေါ်ကိုခေါ်ရပါမယ်။ မခေါ်လို့မရပါဘူး။ ခေါင်းဆောင်တွေ အချင်းချင်း ပြန်တွေ့ပြီး ဆွေးနွေးမယ်ဆိုရင် နားလည်မှုတွေ ပြန်ရလာမှာပါ။ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရဖို့ဆိုရင် ပြန် လည် တွေ့ဆုံပြီး ဆွေးနွေးခြင်းက အကောင်းဆုံးပါပဲ။ အဲသလိုပဲ ထင်မြင်မိပါ
တယ်။
ပြန်ကြားရေးဝန်ကြီးဋ္ဌာန

No comments:

Post a Comment