Latest News

Tuesday, September 6, 2016

ဝန်ကြီးချုပ်မန်းဂျော်နီကြွေးကြော်တဲ့ အဂတိတိုက်ဖျက်ရေး မှန်းချက်ကိုက်ဖို့ဆိုရင်


ဝန်ကြီးချုပ်မန်းဂျော်နီကြွေးကြော်တဲ့ အဂတိတိုက်ဖျက်ရေး မှန်းချက်ကိုက်ဖို့ဆိုရင်
မျိုးမင်းပိုင် (Messenger Journal )
----------------------------------------------------------------------------
လျှာပေါ် မြက်ပေါက်ရင်ပေါက်ပါစေ၊ မဟုတ်မမှန်တာ မလုပ်ဘူးဆိုတဲ့ ၀န်ထမ်းတွေလည်း ရှိပါတယ်။ ဒါပေမဲ့ ဘယ်လောက်ပဲ ကိုယ်ကျင့်တရား ကောင်းပါတယ် ပြောပြော ၀န်ထမ်းတစ်ယောက်ဟာ သူ့မိသားစုငတ်နေရင် သူရဲ့ကိုယ့်ကျင့်တရားကို နှဲ့ချိုးတွန်းတိုက်မှုတွေ ဖြစ်လာနိုင်တာပါပဲ။
အာဂတိ တိုက်ဖျက်ရေးလို့ ကြွေးကြော်ထားတဲ့ NLD အစိုးရလည်း ၀န်ထမ်းတွေကို မှန်မှန်ကန်ကန် မကိုင်တွယ်နိုင်ရင် မှန်းချက်နဲ့ နှမ်းတွက်မကိုက် ဖြစ်နိုင်ကြောင်းပါ…..။
---------------------------------------------------------------------------------
အဂတိတိုက်ဖျက်ရေး မှန်းချက်ကိုက်ဖို့ဆိုရင်
အစိုးရသက်တမ်း ငါးနှစ်အတွင်းမှာ ၀န်ထမ်းတွေရဲ့ ကိုယ်ကျင့်တရားကို အခြေခံပြီး တိုးတက်အောင် ဆောင်ရွက်သွားမယ်လို့ ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် မန်းဂျော်နီက ပြောပါတယ်။
““၀န်ထမ်းတွေ ကျွန်တော်တို့ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ပေးပါ ဆိုတာက ကျွန်တော်တို့ ခိုင်းနေတာကို ဘာမသိ ညာမသိနဲ့ လုပ်ဖို့ ပြောတာ မဟုတ်ဘူးနော်။ သူတို့ဘက်က ပွင့်လင်းရမယ်၊ ကျွန်တော်တို့ ဘက်ကကလည်း ပွင့်လင်းမယ်၊ ပွင့်လင်းမှု နောက်မှာ ရိုးသားမှု ပါရမယ်။ ကောက်ကျစ်စဉ်းလဲတဲ့ စိတ်ဓာတ် လုံဝမလိုချင်ဘူး။ အခုငါးနှစ်ကို ကျွန်တော်တို့ စာရိတ္တ Base of Chatacter ကို အခြေခံပြီး လုပ်သွားမှာ ဖြစ်တယ်”” လို့ ဆိုပါတယ်။
ဦးမန်းဂျော်နီ အနေဖြင့် ၀န်ကြီးချုပ်က စတင်ဖြစ်စဉ်တည်းက အဆိုပါစကားအား မီဒီယာတွေကို ပြောထားသလို တိုင်းဒေသကြီး အတွင်း က ၀န်ထမ်းတွေနဲ့ တွေဆုံတိုင်းလည်း မကြာခဏ ထည့်သွင်းပြောကြားလေ့ ရှိပါတယ်။

အစိုးရရဲ့ မူဝါဒတွေကို အကောင်အထည်ဖော်တဲ့ နေရာမှာ ၀န်ထမ်းရဲ့ ပညာ (ကျွမ်းကျင်မှု ) စည်းကမ်းနဲ့ ကိုယ်ကျင့်တရားဆိုတဲ့ အဓိကကျတဲ့ အချက် သုံးချက် လိုအပ်ပါတယ်။
နိုင်ငံ့ဝန်ထမ်းဆိုတာ နိုင်ငံတော်နဲ့ ပြည်သူအကျိုးကို ရှေးရှုရတယ်။ ဘယ်လိုရှေးရှုမှာလဲ ဆိုတော့ အစိုးရက ချမှတ်ပေးတဲ့ စည်းမျဉ်းတွေ၊ စည်းကမ်းတွေ၊ မူဝါဒတွေအတိုင်း အကောင်အထည်ဖော်ရတာ ဖြစ်တယ်။ ဒီလိုအကောင်အထည်ဖော်ဖို့ ၀န်ထမ်းရဲ့ ပညာ (ကျွမ်းကျင်မှု) နှင့် ကိုယ်ကျင့်တရားကို ပေါင်းစပ်ကျင့်သုံးရတယ်။

ဒါပေမဲ့ ချမှတ်ပေးတဲ့ မူဝါဒက မပြတ်သားရင် ၀န်ထမ်းက အကောင်အထည်ဖော်ရတာ ခက်တယ်။ တချို့
ကိစ္စတွေဟာ ပြည်သူတွေ နားမလည်တာ မပြောနဲ့ ၀န်ထမ်းတောင် တစ်ခါတလေ ရှုပ်ထွေးတယ်။ လုပ်ထုံးလုပ်နည်းတွေ လက်စွဲတွေ မပြည့်စုံတာရယ်၊ အဲဒီလုပ်ထုံးလုပ်နည်း လက်စွဲတွေဟာ ခေတ်နဲ့ မညီတော့တာရယ်ကြောင့်လည်း ပါတယ်လို့ တိုင်းဒေသကြီး အတွင်းက ၀န်ထမ်းအချို့က ဆိုပါတယ်။
ဝန်ထမ်းအများစုမှာ ကျွမ်းကျင်သော ၀န်ထမ်းများစွာ ရှိသလို ကျွမ်းကျင်မှု မရှိတဲ့ ၀န်ထမ်းများစွားလည်း
ရှိနေပြီး အစိုးရက ၀န်ထမ်းများကို မျှတအောင် စီစဉ်ပေးထားနိုင်ခြင်း မရှိသေးပါဘူး။

ဌာနချင်း လွှမ်းမိုးမှုတွေဟာလည်း လုပ်နည်း ကိုင်နည်းကို မညီညွတ်စေသော အကြောင်းတရားတွေ ဖြစ်တယ်။ နောက်တစ်ခုက ၀န်ထမ်းတွေရဲ့ အဆောင်အယောင်တွေကို အစိုးရက မျှတစွာ မစီစဉ်ပေးထားနိုင်ဘူး။ ဦးစီးအရာရှိချင်း အတူတူ တခြားဌာနက လူက ဌာနပိုင်ကား သုံးရတယ်။ စက်သုံးဆီရတယ်။ လိုင်းခန်း
အကောင်းစားရတယ်။
တချို့ဌာနကလူက ကိုယ့်ဆိုင်ကယ် ကိုယ်စီးရတယ်။ စက်သုံးဆီလည်း စိုက်ရတယ်။ လိုင်းခန်းကလည်း ကျဉ်းလည်းကျဉ်း ကောင်းလည်း မကောင်း ဆိုတာမျိုးတွေ ရှိတယ်။ ဒါတွေဟာ အဂတိ တရားကို လွှမ်းမိုးစေတဲ့ အရာတွေ ဖြစ်တယ်လို့ အငြိမ်းစား ၀န်ထမ်းတစ်ဦးက ဆိုပါတယ်။

လက်ရှိအစိုးရ လက်ထက်မှာ ဧရာဝတီတိုင်း ဒေသကြီး အတွင်းက ၀န်ထမ်းစည်းကမ်း လိုက်နာခြင်း မရှိတဲ့ ၀န်ထမ်းနှစ်ဦးကို အရေးယူခဲ့သလို ဌာနဆိုင်ရာ အကြီးအကဲ ၀န်ထမ်း(၁၀) ဦးခန့်ကိုလည်း ထုချေလွှာ တောင်းခံထားကြောင်း သိရပါ တယ်။
““၀န်ထမ်းတွေ အနေနဲ့ အစိုးရဖော်ဆောင်မယ့် မူဝါဒတွေကို လိုက်နာဆောင်ရွက်ဖို့ လိုပါတယ်။ အစိုးရ မူဝါဒတွေကို အခက်အခဲ ဖြစ်အောင် လုပ်တာမျိုး မဖြစ်ဖို့ အရေးကြီးတယ်။ ၀န်ထမ်းတွေ ဥပဒေကို လိုက်နာဆောင်ရွက်ပါ။ နောက်တစ်ခုက ၀န်ထမ်းတွေ ဥပဒေရဲ့ ပုံစံတွေ ပြည့်ပြည့်စုံစုံ ဖြစ်အောင် ဖြည့်တင်းပေးဖို့ တာဝန်ရှိပါတယ်။ အဲဒီအပေါ် မူတည်ပြီး ဒီနောက်စည်းကမ်း ဖောက်ဖျက်တာတွေကို လုပ်ရမှာပေါ့။
သူတို့စားဝတ်နေရေးလည်း ကြည်ရမှပေါ့။ သို့သော်ဥပဒေကို ကျော်လွန် လုပ်ဆောင်ရင်တော့ ဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်သွားမှာပေါ့””လို့ အစိုးရအဖွဲ့ လျှပ်စစ် လမ်းပန်း စက်မှုလက်မှု နှင့်
စွမ်းအင်ဝန်ကြီး ဦးဝင်းဌေးက ဆိုပါတယ်။

ဝန်ထမ်းများ စည်းကမ်းလိုက်နာရန် ၀န်ထမ်းလက်စွဲဥပဒေဖြင့် ထိန်းကျောင်းထားသလို ကိုယ့်ကျင့်တရားကိုလည်း စည်းကမ်းက ထိန်းထားနိုင်ပါတယ်။
ဝန်ထမ်း စည်းမျဉ်းများ မလိုက်နာတဲ့ ၀န်ထမ်းများကို၊ နှစ်တိုးလစာ ရပ်ဆိုင်းခြင်း၊ ရာထူးတိုးရပ်စိုင်းခြင်း၊ ၀န်ထမ်းလစာနှုန်းထား လျော့ခြင်း၊ ရာထူးတစ်ဆင့်လျော့ခြင်း၊ လျော်ကြေး သတ်မှတ်ခြင်း၊ ရာထူးမှ ထုတ်ပယ်ခြင်း၊ ၀န်ထမ်းအဖြစ်မှ ရာသက်ပန် ထုတ်ပယ်ခြင်းများ အထိ အဆင့်ဆင့် အရေးယူ ဆောင်ရွက်သွားမယ်လို့ တိုင်းဒေသကြီး ဥပဒေချုပ် ဦးသိန်းရွှေက ဆိုပါတယ်။

ကောင်းအောင် ပြောင်းလဲနေတဲ့အခါ ၀န်ထမ်းတွေကလည်း အားလုံးစုပေါင်းပြီး ပါဝင်လာအောင် တစ်တပ် တစ်အား ပါဝင်သင့်တယ်။ နိုင်ငံရဲ့ မူဝါဒ စည်းကမ်းကို လိုက်နာပြီး မိမိလုပ်ငန်းကို တာဝန်ကျေအောင် ဆောင်ရွက်ရမယ်။ ကိုယ်နဲ့ဆိုင်တဲ့ ဥပဒေ တရားဥပဒေကို လေးစားလိုက်နာရမယ်။ ဒီလိုဆောင်ရွက်တဲ့ နေရာမှာ အရေးကြီးဆုံးက လာဘ်ပေး လာဘ်ယူမှု ကင်းစင်အောင် လုပ်ဖို့အရေးကြီးတယ်လို့ ဦးသိန်းရွှေက ဆိုပါတယ်။
သို့သော် ၀န်ထမ်းတွေရဲ့ ကိုယ့်ကျင့်တရားကို လွမ်းမိုးနေတဲ့ အချက်တွေများစွာ ရှိနေပါတယ်လို့လည်း ၀န်ထမ်းတွေက တုံ့ပြန်ပြောဆိုလာပါတယ်။
စည်းကမ်းကို လိုက်နာဖို့က ၀န်ထမ်းဥပဒေနဲ့ ပြီးတယ်။ အဲဒီတော့ စည်းကမ်းဖောက်ရင် ပြစ်ဒဏ်ဆိုပြီး လိုက်နာရင် ဆုဆိုတာ မရှိဘူး။ ၀န်ထမ်းကိုယ်ကျင့်တရားကို စည်းကမ်းက ထိန်းတယ်။ သို့သော် ကိုယ်ကျင့်တရားကို လွှမ်းမိုးနေတဲ့ အချက်တွေ ရှိနေတယ်လို့ ရဲဝန်ထမ်းတစ်ဦးက ပြောပါတယ်။
အစိုးရအနေနဲ့ ၀န်ထမ်းတွေကို မဖြစ်မနေ ဖြည့်ဆည်းပေးရမယ့် လိုအပ်ချက်တွေကိုလည်း ဖြည့်ဆည်းမပေးပဲလည်း စည်းကမ်းပိုင်းကိုလည်း ထိရောက်စွာ ကိုင်တွယ်နိုင်မှာ မဟုတ်ပါဘူး။
ဥပမာပြောပြရရင် ဆိုင်ကယ်တစ်စီးက လမ်းအလယ်မှာ မသွားရဘူးလို့ တားမြစ်ထားတယ် ဆိုပါစို့။ အဲဒီလို လမ်းအလယ်က မသွားရဘူးဆို ဆိုင်ကယ်ဘေးမှာသွားဖို့ ဘေးလမ်းကြောင်း ရှင်းနေရမယ်။ အဲဒီဘေးလမ်းကြောင်း ရှင်းနေဖို့ကလည်း လူမလျှောက်ရဘူး။ လူအတွက်လည်း လမ်းတစ်လမ်း ရှိရမယ်။ ဖြစ်နေတာက လူအတွက် မရှိတော့ လူကဆိုင်ကယ်လမ်းက တက်လျှောက်တယ်။

ဆိုင်ကယ်က ကားလမ်းသွားတဲ့ လမ်းအလယ်ကောင် ရောက်လာတယ်။ ဒီသဘောပဲ။ အဲဒီတော့
လူလျှောက်ဖို့ လမ်းမရှိသေးပဲ ဆိုင်ကယ်ကို လမ်းဘေးက မသွားခိုင်းနဲ့။ ဘယ်တော့မှ မောင်းမှာ မဟုတ်ဘူး။ ဆိုလိုတာက စည်းကမ်းကို မလိုက်နာချင်တာ မဟုတ်ဘူး။ လိုက်နာလို့ ရတယ်။ ဒါပေမဲ့ သူ့ကို လိုက်နာလို့ ရမယ့်အခြေနေတစ်ခု ဖန်တီးပေးမထားဘူးလို့ ကျန်းမာရေး ၀န်ထမ်းတစ်ဦးက ပြောပါတယ်။

အစိုးရအနေနဲ့ ကျွမ်းကျင်ဝန်ထမ်းများကိုလည်း ပိုမိုလုပ်အား စိုက်ထုတ်လာပြီး အရည်အသွေး အရည်အချင်းတွေ တိုးတက်လာအောင် အခွင့်အလမ်းတွေ ပေးမထားဘူးလို့ ပြန်တမ်းဝင်အရာရှိ အဆင့်ရှိသော ၀န်ထမ်းအချို့က ဆိုပါတယ်။
““တချို့ ပညာသည် ၀န်ထမ်းတချို့ဟာ မိမိပညာရပ်ပိုင်းဆိုင်ရာ တိုးတက်ဖို့ အတွက် ပညာရပ်စာတွေ မဖတ်နိုင်တော့ဘူး။ ဘာလို့မဖတ်နိုင်သလဲ ဆိုတော့ စာဖတ်ချိန် မရကြဘူး။ ပညာသည်ကို အချိန်ပြည့် ခွန်အား စိုက်ထုတ်သုံးစွဲရတဲ့ နေရာမှာ ထားတာကြောင့် ဖြစ်တယ်။ ပညာသည်အတွက် စဉ်းစားချိန် တွေးခေါ်ချိန်တွေ ပေးရမယ်။ ဒါတွေကို အစိုးရ က ဖြည့်ဆည်းပေးနိုင်ဖို့ စဉ်းစားပေးဖို့ လိုပါတယ်””လို့ အစိုးရ၀န်ထမ်း အင်ဂျင်နီယာ တစ်ဦးက ပြောပါတယ်။

တချို့သော မူဝါဒ ညွှန်ကြားမှုတွေကို မလိုက်နာဘဲ ဆောင်ရွက်နေတဲ့ ၀န်ထမ်းများ ရှိသလို ကိုယ့်ကျင့်တရားကောင်းမွန်စွာ တကယ်လုပ်ဆောင်ပေးနေတဲ့ ၀န်ထမ်းကောင်းတွေလည်း ရှိပါတယ်။

ကိုယ့်ကျင့်တရား ကောင်းပြီး မိသားစု ထမင်းငတ်နေတဲ့ သူတွေနဲ့ လုပ်ချင်ရာလုပ်ပြီး ကောင်းစားနေတဲ့ အဆင်ပြေနေကြတဲ့ ၀န်ထမ်းတွေ ယှဉ်လိုက်တဲ့အခါ မူဝါဒအရ မှန်သော်လည်း ကောင်းတာ လုပ်ပေမယ့် ဆင်းရဲတယ်ဆိုတဲ့ မမှန်ကန်တဲ့ အသိစိတ်တွေ ဖြစ်လာတယ်။ ဒါဟာသိပ်ပြီး အန္တရာယ်များတဲ့ အခြေအနေပါ။ ၀န်ထမ်းတွေ အတွက်ရော နိုင်ငံအတွက်ပါ မကောင်းပါဘူး။

““လူတွေ အလုပ်လုပ်တာ ဘာအတွက်လည်းဆို ပိုက်ဆံလိုချင်လို့ပဲ။ ဒီလိုပဲ ၀န်ထမ်းတွေလည်း ဒီအတိုင်းပဲ။ ပိုက်ဆံနဲ့ တန်ဖိုးမဖြတ်ဘဲ ဘာနဲ့တန်ဖိုးဖြတ်မလဲ။ ကောင်လေး မင်းတော်လိုက်တာလို့ ပြောတာက ဆိုရှယ်လစ် ခေတ်မှကျန်ခဲ့ပြီ။ စည်းနဲ့ကမ်းနဲ့ လုပ်ချင်လား၊ အလုပ်ချန် ကိုးနာရီ အတိရောက်မယ်၊ လေးနာရီခွဲအတိ ပြန်သွားရမယ်။ ဒီကိုးနာရီနဲ့ လေးနာရီခွဲကြား အလုပ်လုပ်နေရမယ်။ ထိုင်မနေရဘူး။ အဲဒီလိုဖြစ်ဖို့အတွက် ပံပိုးပေးတဲ့ မူဝါဒတွေ အစိုးရမှာ ရှိပါသလား””လို့ အခွန်ဝန်ထမ်းတစ်ဦးက မေးခွန်းထုတ်ပါတယ်။
မြင်နေရတဲ့ အရာတွေကိုပြောရင် အခြေခံ လိုအပ်ချက်တွေ ဖြစ်တဲ့ လစာနှုန်းထားနဲ့ ၀န်ထမ်းအိမ်ရာတွေ ကလည်း မပြည့်စုံသေးပါဘူးလို့ ၄င်းကဆက်ပြောပါတယ်။

လျှာပေါ် မြက်ပေါက်ရင်ပေါက်ပါစေ၊ မဟုတ်မမှန်တာ မလုပ်ဘူးဆိုတဲ့ ၀န်ထမ်းတွေလည်း ရှိပါတယ်။ ဒါပေမဲ့ ဘယ်လောက်ပဲ ကိုယ်ကျင့်တရား ကောင်းပါတယ် ပြောပြော ၀န်ထမ်းတစ်ယောက်ဟာ သူ့မိသားစုငတ်နေရင် သူရဲ့ကိုယ့်ကျင့်တရားကို နှဲ့ချိုးတွန်းတိုက်မှုတွေ ဖြစ်လာနိုင်တာပါပဲ။

အစိုးရအဖွဲ့အနေနဲ့ ၀န်ထမ်းတွေ လိုအပ်ချက်ကို အရင်မလေ့လာဘဲ ကိုယ့်ကျင့်တရား ဆိုတာကို ကိုင်တွယ်လိုက်မယ်ဆိုရင် ဒီစကားဟာ ကြာလာရင် လေထဲမှာ ပျောက်သွားပြီး ယခင်အတိုင်း ခေါက်ရိုးကျိုးနေတဲ့ ပုံစံသာ ပြန်မြင်ရပြီး ဒုံရင်းက ဒုံရင်းပဲ ဖြစ်နေမှာပါ။ အာဂတိ တိုက်ဖျက်ရေးလို့ ကြွေးကြော်ထားတဲ့ NLD အစိုးရလည်း ၀န်ထမ်းတွေကို မှန်မှန်ကန်ကန် မကိုင်တွယ်နိုင်ရင် မှန်းချက်နဲ့ နှမ်းတွက်မကိုက် ဖြစ်နိုင်ကြောင်းပါ…..။
မျိုးမင်းပိုင် Messenger Journal

No comments:

Post a Comment