Latest News

Saturday, September 3, 2016

လပွတ္တာတွင် မြေယာ ပိုင်ဆိုင်မှု ပဋိပက္ခ ဖြစ်ရာမှ တစ်ဦး သေဆုံး သုံးဦး ဒါဏ်ရာရ

ပုသိမ်၊ စက်တင်ဘာလ ၃

ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်၊ ကုက္ကိုကျေးရွာအုပ်စု ရွှေကျွန်းသာဒေသ ကြာကန် - ကွင်းပေါက် သစ်တော ကြိုးဝိုင်းတွင် စက်တင်ဘာလ ၃ ရက်နေ့ နံနက် ၈ နာရီခွဲဝန်းကျင်က မြေယာပိုင်ဆိုင်မှု အငြင်းပွားရာမှ ပဋိပက္ခ ဖြစ်ပွားခဲ့သည့်အတွက် တစ်ဦး သေဆုံးကာ သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း တိုင်းဒေသကြီး အစိုးရရုံးမှ သိရှိရသည်။

အငြင်းပွား လယ်မြေတွင် ကျွဲဝင်ကျောင်းခြင်းနှင့် လယ်စိုက်ပျိုးနေခြင်း စသည့်ကိစ္စရပ်များကို အကြောင်းပြု၍ နှစ်ဖက် အုပ်စုလိုက် ပဋိပက္ခ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း လူအခွင့်အရေး တက်ကြွ လှုပ်ရှားသူများအဖွဲ့ (H.R.A.A) ဦးထွန်းထွန်းဦးက ဆိုသည်။

“ခရိုင်ရဲတပ်ဖွဲ့ရုံးက သတင်းပို့ထားပါတယ်။ တစ်ဦး သေဆုံးပြီး ကျန်ဒဏ်ရာ ရရှိသူတွေကို လပွတ္တာဆေးရုံသို့ ပို့ထားပါတယ်”ဟု ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ စည်ပင်သာယာရေး ဝန်ကြီး ဦးကျော်မြင့်ကThe Voice သို့ ပြောကြားသည်။

မြေသိမ်းခံ မူလတောင်သူ ဦးဝင်းမြင့်နှင့် သုံးဦးက အငြင်းပွားမြေ၌ ကျွဲကျောင်းနေစဉ် အငြင်းပွားမြေ၌ လယ်စိုက်နေသော လက်ရှိ တောင်သူ ဦးလှိုင်စိုးနှင့် ငါးဦးနှင့် စတင် အချင်းများပြီး နှစ်ဖက် ပဋိပက္ခဖြစ်ပွားရာ အသက် ၃၀ အရွယ် တောင်သူ တစ်ဦးသေဆုံးခဲ့ခြင်း ဖြစ်သည်။

“တိုင်း ဒုရဲတပ်ဖွဲ့မှူး ကိုယ်တိုင် အခြေအနေ အရပ်ရပ်ကို ထိန်းသိမ်းနိုင်ဖို့ အခင်းဖြစ်ဒေသကို သွားရောက် ဆောင်ရွက်နေပါတယ်”ဟု ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိ ရဲအရာရှိက ဆိုသည်။

အဆိုပါဒေသတွင် မြေယာ အငြင်းပွားနေမှုကြောင့် မည်သူတစ်ယောက်မျှ လုပ်ကိုင်ခြင်း မပြုရန် ဇွန်လ ကြေညာချက် ထုတ်ပြန်ခဲ့ပြီး လိုက်နာခြင်း မရှိပါက အရေးယူ ဆောင်ရွက်မည်ဟု ထုတ်ပြန်ထားခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ် ဧပြီလက ထိုအငြင်းပွားမြေကြောင့် မူလ ပိုင်ဆိုင်သော တောင်သူများ၏ အိမ်များ မီးရှို့ခံခဲ့ရပြီး လူတစ်ဦး သေဆုံးကာ ခြောက်ဦး ဒါဏ်ရာ ရရှိခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးထံမှ သိရှိရသည်။
thevoicemyanmar


No comments:

Post a Comment