Latest News

Thursday, July 14, 2016

ပုသိမ်မြို့တွင် ခရမ်းချောင်းကျေးရွာလယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့၏ ဆုံးဖြတ်မှု ပြန်လည် စစ်ဆေးပေးရန် တစ်ကိုယ်တော် ဆန္ဒဖော်ထုတ်တောင်းဆို


မျိုးမင်းထွန်း(မြစ်မခ)

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ခရမ်းချောင်းကျေးရွာလယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့၏ ဆုံးဖြတ်မှုကို ပြန်လည် စစ်ဆေးပေးရန်  ဇူလိုင်(၁၄)ရက်တွင် လယ်သမားတစ်ဦးမှ တစ်ကိုယ်တော်မြို့တွင်း လှည့်လည် ဆန္ဒဖော်ထုတ် တောင်းဆိုခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဆန္ဒထုတ်ဖော်မှုကို ပုသိမ်မြို့နယ်ရဲတပ်ဖွဲ့မှူးဆီမှ ခွင့်ပြုချက်ရယူခဲ့ပြီး ကန်ကြီးထောင့်မြို့နယ်၊  ခရမ်းချောင်း ကျေးရွာနေ မောင်ခိုင်မှ မတရားဘက်လိုက်ဆုံးဖြတ်ခဲ့သည့် လယ်ယာမြေကိစ္စအတွက် မလိုလားအပ်သော ရာဇ၀တ်မှုများ ဆက်လက်မဖြစ်ပေါ်စေရန် စာသားပါသည့် ဗီနိုင်းစာရွက်ကိုင်၍ တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။

“အခုလိုဆန္ဒဖော်ထုတ်ပြတယ်ဆိုတာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှသိပြီး တခြား အဖွဲ့တွေနဲ့ မှန်ကန်စွာ စစ်ဆေးပေးပါလို့ တောင်းဆိုချင်တာပါ။ ဒီလိုမှလုပ်မပေးဘူးဆိုရင် ရာဇ၀တ်မှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ကျွန်တော်တို့အခက်အခဲတွေက တရားစွဲခံထားရလို့ ရုံးချိန်းသွားရတယ်။ မိသားစု စားဝတ်နေရေးကလည်း မပြေလည်ဘူး။ နောက်ပြီး လင်မယားနှစ်ယောက်လုံး တရားစွဲခံနေရတာတွေကို မခံနိုင်တဲ့ အခြေအနေဖြစ်နေ လို့ပါ။”ဟု တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့သူ မောင်ခိုင်က ပြောသည်။

မောင်ခိုင်သည် ၂၀၀၈ ခုနှစ်က မိမိနှင့်ဆွေးမျိုးနီးစပ်တော်သူတစ်ဦးအား ပိုင်ဆိုင်သောလယ် ၃ ဧကကို ငွေကျပ် ၉ သိန်းဖြင့် အပေါင်သဘောထားခဲ့ကာ ၂၀၁၅ ခုနှစ်တွင် ငွေကျပ်၁၂ သိန်းဖြင့် အပေါင်ခံထားသူမှ ပြန်ရွေးခဲ့ရာ၌ လယ်ယာမြေလုပ်ပိုင် ခွင့် ပုံစံ(၇)ကို နာမည်ပေါက်ပြောင်းလဲထားပြီးမှ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

ပြန်ရွေးပြီးနောက် မိသားစုလိုက်လယ်ယာလုပ်ကိုင် နေထိုင်သည်ကို အပေါင်ခံခဲ့သူမှ ကျူးကျော်မှုဖြင့် လည်းကောင်း၊ အကျိုးဖျက်ဆီးမှုဖြင့် လည်းကောင်း တရားစွဲဆိုခဲ့ပြီး ကျေးရွာတွင် မြေယာမှုခင်း ဖွင့်လှစ်သော် လည်း ကျေးရွာလယ်ယာ မြေစီမံခန့်ခွဲရေးအဖွဲ့မှ အပေါင်ခံခဲ့သူကိုအနိုင်ပေးခဲ့ကြောင်း သိရသည်။

“လယ်ယာမြေမှုခင်းတွေဖြစ်လာရင် ရပ်ကျေးအဆင့်လယ်စီအဖွဲ့တွေကို ဆုံးဖြတ်ချက်ချခိုင်းတယ်။ မကျေနပ်ရင် ဘယ်အဆင့်ကို ဘယ်နှစ်ရက်အတွင်းတက် ဆိုတာကလည်း စာရွက်ထဲက ဥပဒေမှာပဲရှိတယ်။ တကယ်တက်လည်း ဘယ်အဆင့်ဖြစ်ဖြစ် ရပ်ကျေးဆုံးဖြတ်တာကိုပဲ လွယ်လွယ်ထပ်ပြီးထောက်ခံ ဆုံးဖြတ် နေတဲ့အတွက်ဒီလိုဆန္ဒထုတ်ဖော်တာတွေ လယ်ယာမြေနဲ့ ပတ်သက်ပြီး ရာဇ၀တ်မှုတွေဖြစ်လာတာပါ။”ဟု ပုသိမ်မြို့မှ လယ်ယာမြေအရေးလှုပ်ရှားသူ ကိုထွန်းထွန်းဦးက ပြောသည်။

အဆိုပါ ဆန္ဒထုတ်ဖော်ခြင်းကို နေ့လည်(၁၁း၀၀)နာရီမှစတင်ခဲ့ပြီး ပုသိမ်မြို့တော်ခန်းမရှေ့မှ ပုသိမ်ဆေးရုံရှေ့ စသည့် လူစည်ကားရာနေရာများတွင် နေ့လည်(၂း၀၀)နာရီအထိ တစ်ကိုယ်တော်လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ ခြင်းဖြစ်သည်။
myitmakhamediagroup.com

No comments:

Post a Comment