Latest News

Saturday, June 25, 2016

ရက် ၁ဝဝ အတွင်း ကျေးရွာမြေငှားဂရန်ထုတ်ပေးနိုင်ရေးနှင့် ပြည်သူ့ဝန်ဆောင်မှုရုံးတွင် ဌာနနှစ်ခု တိုးချဲ့ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားမည်

ဖျာပုံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ရက် ၁ဝဝ စီမံချက်ကာလအတွင်း ဆောင်ရွက် အကောင်အထည်ဖော်မည့်လုပ်ငန်းများနှင့် ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် သွားရောက်တွေ့ဆုံမေးမြန်းခဲ့ပါသည်။

မေး။ ဆရာ့နာမည်နဲ့ ရာထူးသိချင်ပါတယ်။

ဖြေ။ ကျွန်တော့်နာမည်က ဦးအေးလွင်၊ ဖျာပုံခရိုင်အုပ်ချုပ်ရေးမှူးပါ။

မေး။ ဆရာတို့ ဖျာပုံခရိုင်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနအနေနဲ့ ရက် ၁ဝဝ အတွင်းမှာ ဆောင်ရွက်ပေးမယ့်လုပ်ငန်းနဲ့ အရေအတွက် သိချင်ပါတယ်။

ဖြေ။ ရက် ၁ဝဝ အတွင်းမှာ ကျေးရွာမြေငှား ဂရန် ထုတ်ပေးဖို့နဲ့ ပြည်သူ့ဝန်ဆောင်မှုရုံးမှာ နောက်ထပ်ဌာနနှစ်ခု တိုးချဲ့ဖွင့်လှစ်သွားဖို့ ဖြစ်ပါတယ်။

မေး။ လုပ်ငန်းနှစ်ခု ဆောင်ရွက်မယ့် အခြေ အနေကို သိချင်ပါတယ်။

ဖြေ။ လုပ်ငန်းတစ်ခုက ကျေးရွာမြေငှားဂရန် ထုတ်ပေးမယ့်လုပ်ငန်းပါ။ ကျွန်တော်တို့ ဖျာပုံခရိုင်အတွင်း ကျေးရွာများရှိ နိုင်ငံတော် အစိုးရက စီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့မြေကို ရက် ၁ဝဝ အတွင်း မြေငှားချထားခြင်းနဲ့ ပတ်သက်ပြီး အောက်မြန်မာနိုင်ငံ မြို့နှင့် ကျေးရွာမြေများ နည်းဥပဒေ-၄၁ မှ ၄၉(ခ)အထိ ပြဋ္ဌာန်းထားတဲ့ နည်းဥပဒေများနဲ့အညီ ကျေးလက်နေပြည်သူတွေ ပိုင်ဆိုင်နေထိုင် ကြတဲ့ အိမ်ခြံမြေကွက်တွေကို သတ်မှတ် ကာလအပြီး မြေငှားဂရန်(မြေငှားစာချုပ်) ထုတ် ပေးနိုင်ရေးဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်တဲ့နေရာမှာလည်း ကျွန်တော် တို့က ခရိုင်နဲ့မြို့နယ်၊ ကျေးရွာမြေငှားဂရန် ထုတ်ပေးရေးလုပ်ငန်းအဖွဲ့နဲ့ တစ်မြို့နယ်မှာ ကျေးရွာတစ်ရွာ ရွေးချယ်သတ်မှတ်ပြီး ဖျာပုံမြို့နယ်မှာ တင်ပုလွဲကျေးရွာ၊ ဘိုကလေး မြို့နယ်မှာ ရွှေပြည်သာကျေးရွာ၊ ကျိုက်လတ် မြို့နယ်မှာ ပန်းဘဲစုရွာမကျေးရွာနဲ့ ဒေးဒရဲ မြို့နယ်မှာ ဆင်ကူးကျေးရွာဆိုပြီး သတ်မှတ် ပါတယ်။ သတ်မှတ်ပြီးတဲ့အခါမှာလည်း မှတ်ပုံတင်ပြုလုပ်ခြင်း၊ ပုံစံ(၆/၆၆)ပြုလုပ် ပေးခြင်း၊ မြေစာရင်းပုံစံများမှတ်တမ်းများ၊ ဂရန်အမှုတွဲပုံစံများ၊ တံဆိပ်ခေါင်းများ ကြိုတင်ပြင်ဆင်ခြင်း၊ ကျေးရွာအလိုက် မြေ တစ်ဧကမြေတန်ဖိုးနှုန်းထား သတ်မှတ်ခြင်း၊ ကွက်စိပ်တိုင်းတာခြင်းနှင့် မြေပုံထုတ်ခြင်း၊ မြေစာရင်းပုံစံ(၁ဝ၃)ဖြင့် မြေစာရင်းပုံစံ(၁ဝ၅၊ ၁ဝ၆) လျှောက်ထားခြင်း၊ ထုတ်ပေးခြင်း၊ မြေဂရန်လျှောက်ထား၍ အဆောက်အအုံပုံစံ၊ မြေငှားဂရန်လျှောက်ခြင်း၊ မြေငှားဂရန် လျှောက်ထားမှုအတွက် ကန့်ကွက်လွှာ ခေါ်ယူခြင်း၊ မြေရာဇဝင်စစ်ဆေးခြင်း၊ မြို့နယ် လုပ်ငန်းအဖွဲ့ ကွင်းဆင်းစစ်ဆေးခြင်း၊ သက်ဆိုင်ရာဌာနများ၏ သဘောထားရ ယူခြင်း၊ ခရိုင်လုပ်ငန်းအဖွဲ့ ကွင်းဆင်းစစ်ဆေး ခြင်း စတဲ့ ဆက်စပ်လုပ်ငန်းစဉ်အဆင့်ဆင့် ကို လုပ်ဆောင်ပေးနေပါတယ်။ ဇူလိုင်လအပြီး ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

နောက်လုပ်ငန်းတစ်ခုကတော့ ပြည်သူ့ ဝန်ဆောင်မှုရုံး(OSS)မှာ လက်ရှိရှိရင်းစွဲဌာန တွေဖြစ်တဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီး ဌာန၊ ကျန်းမာရေးဦးစီးဌာန၊ လဝကဦးစီးဌာန၊ စည်ပင်သာယာရေးဦးစီးဌာန၊ ငါးလုပ်ငန်း၊ ပြည်တွင်းအခွန်၊ မီးသတ်၊ လူမှုဝန်ထမ်း၊ သစ်တော၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်းနဲ့ ရဲတပ်ဖွဲ့အပြင် နောက်ထပ် တိုင်ကြားစာလက်ခံရေးဌာနနဲ့ တိုင်ကြားစာ စိစစ်ဖြေရှင်းရေးဌာနကိုလည်း ရက် ၁ဝဝ အတွင်း တိုးချဲ့ဖွင့်လှစ်ပြီး ဝန်ဆောင်မှုပေးဖို့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

ခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူး တင်ပါတယ်။

(သပြေထွန်း)
The Mirror Daily·

No comments:

Post a Comment