Latest News

Friday, June 24, 2016

ညောင်တုန်းရှိ ဧက ၄၀၀ ခန့်တွင် ငါးကန်တူးဖော်နေမှု ဒေသခံများ ဆန္ဒပြ

ဆလိုင်းသန့်စင်၊ ဇွန် ၂၄၊ ၂၀၁၆

ညောင်တုန်းမြို့နယ်၊ သဇင်ရေကျော်ကျေးရွာရှိ ဧက ၄၀၀ ခန့်ကျယ်သည့် မြေလွတ်မြေရိုင်းများကို စီးပွားရေးလုပ်ငန်းရှင်တချို့က ငါးကန်တူးဖော်နေသည့် ကိစ္စအား ၀န်ကြီးချုပ် ဦးမန်းဂျော်နီနှင့် တွေ့ဆုံဆွေးနွေးရန် စာဖြင့် တင်ပြခဲ့သော်လည်း ၀န်ကြီးချုပ်က ဖိတ်ခေါ်ဆွေးနွေးခြင်း မရှိသည့်အတွက် ဒေသခံ ၁၀၀ ကျော် ပုသိမ်မြို့တွင် ယနေ့ နေ့လယ်ပိုင်းက ဆန္ဒဖော်ထုတ် ခဲ့ကြကြောင်း ဆန္ဒပြပွဲ ဦးဆောင်သူ HRWD အဖွဲ့ ဒါရိုက်တာ ဦးမြင့်နိုင်က ပြောသည်။

ဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေးလိုပါက တွေ့ဆုံမည့်အကြောင်းအရာ၊ နေ့ရက်နှင့် အချိန်တို့ကို ၀န်ကြီးချုပ်ရုံးသို့ လာရောက်တင်ပြ၍ ရက်ချိန်းရယူပါက ၀န်ကြီးချုပ်မှ လက်ခံတွေ့ဆုံပေးနေကြောင်း၊ ထိုသို့ ရက်ချိန်းရယူခြင်းမရှိဘဲ ၀န်ကြီးချုပ်နှင့် တွေ့ခွင့်မရဟူသည့်စကားအပေါ် လက်မခံကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောသည်။

“တွေ့ဆုံဆွေးနွေးချင်တယ်ဆိုရင် အကြောင်းအရာနဲ့ အချိန်ကို ညှိနှိုင်းဖို့လိုပါတယ်။ ဒါမှသာ ၀န်ကြီးချုပ်က ဘယ်နေ့ဘယ်ရက်မှာတွေ့မယ်ဆိုတာမျိုး ရက်ချိန်းပေးလို့ရမှာပါ။ တဖတ်သတ် တွေ့ဆုံဆွေးနွေးမယ်လို့ပြောပြီးတော့ အပြင်ကနေပြီးတော့ တွေ့ဆုံဆွေးနွေးလို့ မရဘူးလို့ ပြောတာတော့ လက်မခံပါဘူး”ဟု သူက ပြောသည်။

အဆိုပါ ငါးကန်တူးသည့်ကိစ္စနှင့်ပတ်သက်၍ သဇင်ရေကျော်ကျေးရွာမှ ဒေသခံ ၁၀၀ ကျော်တို့က ပြီးခဲ့သည့် မေလ ၂၇ ရက်နေ့က ပုသိမ်မြို့တွင် ပထမအကြိမ် ဆန္ဒဖော်ထုတ်ခဲ့ကြပြီး ယခု ဆန္ဒပြပွဲမှာ ဒုတိယအကြိမ်မြောက် ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - ဆလိုင်းသန့်စင်/ဧရာဝတီ
The Irrawaddy - Burmese



No comments:

Post a Comment