Latest News

Wednesday, June 15, 2016

ပိုင်ဆိုင်မှု အငြင်းပွားနေသည့် လယ်ယာတွင် ထွန်ယက်ခြင်းမပြုရန် ဧရာဝတီတိုင်းအစိုးရ ညွှန်ကြား

Byသက်ဆွေOn  Wed, 2016-06-15 10:31Location
ပုသိမ်၊ ဇွန် - ၁၁Issue No.အတွဲ (၁၅)၊ အမှတ် (၁၄)

ရွှေကျွန်းသာလယ်မြေပေါ်တွင် ထွန်ယက်စိုက်ပျိုးနေသော လယ်သမားများ။ (ဓာတ်ပုံ - သက်ဆွေ)
လယ်ယာမြေပိုင်ဆိုင်မှု အငြင်းပွားမှုကြောင့် ၂၀၁၅ ခုနှစ်က လူသေဆုံးသည်အထိ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့သော လပွတ္တာမြို့နယ်ကုက္ကိုကျေးရွာအုပ်စု ရွှေကျွန်းသာကျေးရွာရှိ လယ်ဧကရှစ်ထောင်ခန့်တွင် မည်သူမှ ၀င်ရောက်ထွန်ယက်စိုက်ပျိုးခြင်း မလုပ်ကိုင်ရန် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က ဇွန်လ ၉ ရက်၌ ညွှန်ကြားခဲ့ကြောင်း သတင်းရရှိသည်။

‘‘တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေနဲ့ အငြင်းပွားနေတဲ့ လယ် ယာမြေကိစ္စကို ဖြေရှင်းပေးဖို့တာဝန်ရှိတယ်။ မဖြေရှင်းနိုင်သေးခင်မှာ သွေးထွက်သံယိုမှုတွေနဲ့ မလိုလားအပ်တာတွေ မဖြစ်ရအောင် ဘယ်သူမှ ကျူးကျော်ဝင်ရောက်မလုပ်ဖို့ အစိုးရအဖွဲ့က ဆုံးဖြတ်တာ’’ ဟု ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောသည်။

စစ်အစိုးရလက်ထက် ၁၉၉၁ တွင် သစ်တောဌာနပိုင် ဒီရေကာ တောစိုက်ခင်းများဟုဆိုကာ ကျွန်းပေါ်တွင် လယ်ယာလုပ်ကိုင်နေသူများကို ဖယ်ရှားခဲ့ပြီး ဒီရေ ကာတောသစ်ပင်များ သုံးနှစ်ခန့် စိုက်ပျိုးသော်လည်း မဖြစ်ထွန်းသဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနအပါအ၀င် ဌာနဆိုင်ရာများက ယင်းလယ်ယာမြေပေါ်တွင် မူလတောင်သူများအစား အခြားသူများအား သီးစားချ လုပ်ကိုင်စေခဲ့ကြောင်း ဒေသခံ ဦးဝင်းမြင့်က ပြောသည်။

‘‘လယ်သိမ်းသွားတော့ ကျွန်တော်တို့ တောင်သူတွေအားလုံး ဘ၀ပျက်ခဲ့ရတယ်။ ဒီမြေနုကျွန်းပေါ်မှာ လယ်သမားကြီးတွေက မြေရိုင်းတွေကို ပြုပြင်ပြီးလယ်ဖြစ်အောင် လုပ်ကြတာ။ လယ်ဧက ရှစ်ထောင်ကျော်ရှိတယ်။ လူသုံးရာလောက် ဒီလယ်မြေမှာ လုပ်ကိုင်ခဲ့ကြတယ်။ အခုပြန်လိုချင်တာလည်း အကုန်မဟုတ်ဘူး။ ဘ၀ရပ်တည်ဖို့အတွက် လုပ်ကိုင်လို့ရရင် ကျေနပ်ပါတယ်’’ ဟု တောင်သူ  ဦးဝင်းမြင့်က ပြောကြားသည်။

ရွှေကျွန်းသာ လယ်ယာမြေ အငြင်းပွားမှုနှင့်ပတ်သက်၍ နိုင်ငံတော်အစိုးရ၏ ဥပဒေအတိုင်း ဖြေရှင်းဆောင်ရွက်ပေးရန် မူလတောင်သူများက စောင့်ဆိုင်းနေသော်လည်း လယ်သမားများက ၀င်ရောက်ထွန်ယက်လုပ်ကိုင်မှုများရှိနေသည်။

‘‘ဒီလယ်ယာမြေကိစ္စကို ၀န်ကြီးချုပ်ကိုယ်တိုင် ဦးဆောင်တဲ့ အဖွဲ့ကနေ စစ်ဆေးဆုံးဖြတ်မှာပါ။ မကြာခင် ရက်ပိုင်းမှာ အဖွဲ့ဖွဲ့မယ်။ လပွတ္တာခရိုင်နဲ့ မြို့နယ်က အုပ်ချုပ်ရေးမှူးတွေကိုခေါ်ပြီးတော့ ကက်ဘိနက်ရဲ့ ဆုံးဖြတ်ချက်ကို အသိပေးထားတာပါ။ လိုအပ်ရင် လုံခြုံရေးတိုးမြှင့်ချထားဖို့ပါ ဆောင်ရွက်ဖို့ စီစဉ်ထားတယ်’’ ဟု ၀န်ကြီး ဦးဝင်းဌေးက ပြောကြားသည်။

ရွှေကျွန်းသာ ကျေးရွာသည် လပွတ္တာမြို့မှ ရေလမ်းခရီးတစ်ခုတည်းကိုသာ အသုံးပြုသွားလာရပြီး နှစ်နာရီခန့် စက်လှေဖြင့်သွားရသည်။

လက်ရှိတွင် မြို့နယ်ခွဲ ရဲစခန်းက လုံခြုံရေးတာဝန်ယူထားပြီး လယ်ယာမြေပေါ်၌ ၀င် ရောက် ထွန်ယက်သူများရှိပါက ဥပဒေအရ တရားစွဲဆိုအရေးယူ ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့က ဆုံးဖြတ်ထားကြောင်း သတင်းရရှိသည်။
7Daydaily

No comments:

Post a Comment