Latest News

Saturday, May 28, 2016

မျက်မြင်သက်သေကို ရိုက်နှက်ခြိမ်းခြောက်စစ်သည့် စခန်းမှူးအား အရေးယူပေးရန် ရဲချုပ်ထံ တိုင်ကြား


ရန်ကုန်၊ မေ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ လှိုင်ဘုံးကျေးရွာအုပ်စု၊ ခရေကုန်းကျေးရွာသူ မ၀င်းဝင်းသန်း သေဆုံးမှုနှင့် ပတ်သက် ၍ အဓိက မျက်မြင်သက်သေဖြစ်သော ခရေကုန်းကျေးရွာမှ မောင်ကြက်တူရွေး (ခ)မောင်ဇော်မျိုးဝင်းအား တူးမြောင်းစခန်းမှူး ဦးအောင်မိုးနိုင်က ခေါ်ယူစစ်ဆေးရာတွင် ရိုက်နှက်ခြိမ်းခြောက် စစ်ဆေးသည့်အတွက် အရေးယူပေးရန်နှင့် အမှုမှန်ဖော်ထုတ်ပေးရန် ဒေသခံများက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ်ထံ မေ ၁၆ ရက်နေ့တွင် စာပေးပို့ တိုင်ကြားခဲ့ကြောင်း ခရေကုန်းရွာသား ဦးကျော်ရွှေက မြန်မာသံတော်ဆင့်သို့ ပြောသည်။

ဧပြီလ ၁၉ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ခရေကုန်းရွာသူ မ၀င်းဝင်းသန်း သေဆုံးမှုအား တူးမြောင်း စခန်းမှူးက ရေနစ်သေဆုံးသည်ဟု သတ်မှတ်ထားသဖြင့် ရွာသူရွာသားများက မကျေမနပ်ဖြစ်ကာ တိုင်ကြားခဲ့သောကြောင့် အမှု၏ အဓိကမျက်မြင်သက်သေဖြစ်သော ကိုဇော်မျိုးဝင်းအား ရိုက်နှက် စစ်ဆေးထွက်ဆိုခိုင်းသဖြင့် ယခုကဲ့သို့ တင်ပြတိုင်ကြားခဲ့ခြင်း ဖြစ်သည်။

““သေဆုံးသူ မ၀င်းဝင်းသန်းကို သူတို့က ရေနစ်သေတယ်ပေါ့၊ အဲဒါမကျေနပ်လို့ ရွာသားတွေစုပြီး ထပ်တိုင်တော့ အဓိက မျက်မြင်သက်သေဖြစ်တဲ့ ဇော်မျိုးဝင်းကို ခေါ်စစ်တယ်။ ဇော်မျိုးဝင်းကလည်း သူမြင်တဲ့အတိုင်း ပြောတယ်။ အဲဒါကိုရဲတွေက ရိုက်နှက်ခြိမ်းခြောက်ပြီး ““မူးလို့ ပြောမိတာလို့ ပြောခိုင်းတော့ ကြောက်ပြီး ပြောခဲ့ရတယ်တဲ့၊ ပြီးတော့ အဲဒီထွက်ချက်အတိုင်း လက်မှတ်ထိုးခိုင်းတယ်။ အဲဒါတွေကိုရော အမှုမှန်ပေါ်အောင်ရော ဆောင်ရွက်ပေးဖို့ ရဲချုပ်ဆီတိုင်ကြားခဲ့တာပါ””ဟု ဦးကျော်ရွှေ က ပြောသည်။

အဆိုပါ တိုင်ကြားစာနှင့် ပတ်သက်၍ အမှုအဓိက မျက်မြင်သက်သေ ကိုဇော်မျိုးဝင်းအား မေးမြန်းရာ ““ညနေ ၄ နာရီအချိန်လောက် ကိုတာတီးတို့ လယ်ကွင်းထဲကို အပေါ့အပါးသွားပါတယ်။ သွားတဲ့အချိန်မှာ ကလေး တစ်ယောက် ငိုသံကြားပါတယ်။ အမေကြီးကို အဖေကြီး သတ်လိုက်ပြီလို့ ငိုသံကြားတာကြောင့် လှည့်ကြည့် လိုက်မိပါတယ်။ ကြည့်လိုက်မိတဲ့အချိန်မှာ ယောက်ျားနှစ်ယောက်၊ မိန်းကလေးတစ်ယောက်၊ ကလေးတစ် ယောက်တွေ့ရပါတယ်။ ယောက်ျား တစ်ယောက်က ဦးခေါင်းပိုင်းကိုပွေ့ပြီး ကျန်ယောက်ျား တစ်ယောက်က ခြေထောက်နှစ်ချောင်းကို ပွေ့ထားပြီး ကျန်သူတို့ ဘယ်ကိုခေါ်ပြီး ဘယ်သွားတယ်ဆိုတာ မသိပါဘူး။ တူး မြောင်း ရဲစခန်းက ကျွန်တော့်ကို ခေါ်စစ်ဆေးပါတယ်။ ဒီအတိုင်းပဲ ကျွန်တော်ပြောပြပါတယ်။ ပြောပြတော့ သူတို့က အရက်မူးလို့ ပြောတာပါပြော၊ အဲလိုမပြောရင် မင်းကို ထောင်ချမယ်။ ဗိုလ်ကြီးတို့ ကြိုက်သလိုလုပ်ပါ။ အဲဒါ ရဲတစ်ယောက် ၀င်လာပြီးတော့ ကျွန်တော်ရဲ့ ကုပ်ပိုးကို ရိုက်လိုက်တဲ့အခါေ၀၀ါးသွားပါတယ်။ ကျွန်တော် လည်း ကြောက်လန့်လာပြီး ပြောခိုင်းသလို ပြောပြီးတော့ စစ်တမ်းရေးပြီးတော့ လက်မှတ်ထိုးခိုင်းပါတယ်”” ဟု ကိုဇော်မျိုးဝင်းက ပြောသည်။

အဆိုပါ မ၀င်းဝင်းသန်း သေဆုံးမှုအား လပွတ္တာမြို့နယ် တူးမြောင်းနယ်မြေ ရဲစခန်း၌ သေမှုသေခင်းအမှတ် (ပ) ၁/၂၀၁၆ ဖြင့် အမှုလက်ခံ ဖွင့်လှစ်ထားပြီး လပွတ္တာမြို့နယ် တရားရုံးသို့ အမှုတွဲ ပေးပို့ထားပြီးဖြစ်သည်။
အဆိုပါ အမှုကိစ္စနှင့် ပတ်သက်၍ တူးမြောင်းနယ်မြေ ရဲစခန်းမှူး ရဲအုပ်အောင်မိုးနိုင်ကို ဆက်သွယ် မေးမြန်းခဲ့ရာ ““တရားသူကြီးစစ်ဖို့အတွက် အမှုတွဲတင်ထားပြီးပြီလေ။ ကျွန်တော်တို့က တွေ့ရှိချက်တွေပဲ၊ သက်သေတွေရဲ့ ထွက်ဆိုချက်၊ ဒါတွေပဲ တရားရုံးကို တင်ပေးရတာ။ တရားရုံးက အမိန့်ချတဲ့အခါမှာ ဒါအထောက်အထားတွေက ရေနစ်သေဆုံးတယ်လို့ ယူဆရင် ရေနစ်သေဆုံခြင်း ဖြစ်တယ်လို့ အမိန့်ချ၊ ဒါမှမဟုတ်ရင် တစ်စုံတစ်ဦးရဲ့ ပယောဂကြောင့် သေဆုံးတာ ဖြစ်တယ်ဆိုရင်လည်း တွေ့ရှိချက်တွေနဲ့ အမိန့်ချမှာ။ ဒီအပေါ်မှာမှ ကျွန်တော်တို့က ဆက်ပြီးဆောင်ရွက်ရမှာ။ သူတို့ဘက်က တိုင်တာလေ၊ သူတို့ကို မတိုင်ပါနဲ့လို့ ပြောလို့မရဘူး။ သူတို့တိုင်ရင် ကျွန်တော်တို့က ရှင်းဖို့ပဲ ရှိတာလေ။ ဘာမှရိုက်တာလည်း မရှိဘူး၊ နှက်တာလည်းမရှိဘူး။ တိုင်တာကတော့ သူတို့တိုင်ရင် ကျွန်တော်တို့က ရှင်းရမှာပေါ့။ သူတို့ခံစားမှုနဲ့သူတို့ တိုင်တာလေ၊ ရှင်းဖို့ပဲရှိတာလေ””ဟု ပြန်လည်ဖြေဆိုခဲ့သည်။
ရန်နိုင်စိုး
Myanmar Thandaw Sint News

No comments:

Post a Comment