Latest News

Monday, May 9, 2016

ဧရာဝတီတိုင်းရဲ့မြို့တော် ပုသိမ်


ပုသိမ်မြို့သည် ဧရာဝတီတိုင်းဒေသကြီး၏ မြို့တော်ဖြစ်ပြီး မြန်မာနိုင်ငံ၏ စတုတ္ထအကြီးဆုံး မြို့လည်းဖြစ်သည်။ လူဦးရေ ၃၀ဝ၀ဝ၀ကျော် နေထိုင်ပြီး ရန်ကုန်မြို့၏ အနောက်ဖက် ၁၁၈မိုင် အကွာတွင် တည်ရှိသည်။ ငဝန်မြစ်ကမ်းပေါ်တွင် တည်ထားသော မြို့ဖြစ်သည်။ ပင်လယ်ဝမှ ၇၅မိုင် ကွာဝေးပြီး ကုန်းတွင်းအကျဆုံး ပင်လယ်ဆိပ်ကမ်းမြို့ကြီးဖြစ်သည်။ မြောက်လတ္တီကျု ၁၆ဒီဂရီ ၄၆မိနစ်နှင့် အရှေ့လောင်ဂျီကျူ ၉၄ဒီဂရီ ၄၃မိနစ်တို့ ကြားတွင် တည်ရှိသည်။

ပုသိမ်မြို့သည် လွန်ခဲ့သော နှစ်ပေါင်းများစွာက ဟံသာဝတီ မွန်နိုင်ငံ၏ ပိုင်နက်ဖြစ်ခဲ့ပြီး စတင်တည်ထောင်ခဲ့သည့် ခုနှစ်နှင့် ပတ်သက်၍ သမိုင်းအထောက်အထား မတွေ့ရပေ။ ပုသိမ်မြို့သည်အလွန်ရှေးကျသော သင်္ဘောဆိပ်မြို့ဖြစ်ပြီး မဇ္ဈိမဒေသနှင့် သီဟိုဠ်ကျွန်းတို့ ကူးသန်းရောင်းဝယ်ရာတွင် ကြားခံမြို့တစ်မြို့ဖြစ်သည်။ ရှေးကျသောမြို့ဖြစ်သည့်အားလျှော်စွာ အမည်အများအပြား မှည့်ခေါ်ခြင်း ခံခဲ့ရသည်။ အာသောကမင်းလက်ထက် သာသနာသက္ကရာဇ် ၂၁၈ခုနှစ်ဝန်းကျင်တွင် အတိသဉ္စနဂရ ဟုခေါ်တွင်ခဲ့သည်။ ပုဂံခေတ် မင်းယဉ်နရသိင်္ခလက်ထက်တွင် ရန်ဖက်ဖြစ်သော အိန္ဒိယမှ ပဋိက္ခရားမင်းနှင့် စစ်ဖြစ်ရာ ထိုမင်း၏စစ်ဦးကျသော ကုသိမရဋ္ဌဒေသကို ခံတပ်မြို့တည်စေလျှက် ဗေဒင်ကျမ်းများအရ အမည်ပြောင်းစေသည်။ ကုသမ သည်ကုသိမ် ဖြစ်လျှင် လောကဓာတ်အရ 'က'နှင့် 'သ' တို့ရန်ဂြိုလ်ကျသဖြင့် မိတ်ဖက်ဖြစ်သော 'ပ'နှင့်'သ' ကိုပြောင်းကာ ပုသိမ်ဟုအမည်ပြောင်းစေသည်။

ပုသိမ်အား မြို့ပြအဖြစ် ပြန်လည်တည်ထောင်သူမှာ ဟံသာဝတီပြည်ကို တည်ထောင်သူ ဝိမလမင်း၏ သားတော်ခြောက်ပါးဖြစ်ပြီး မြန်မာသက္ကရာဇ် ၅၃၆ခုနှစ်တွင် စတင်စိုးစံသည် ဟုလည်း ဆိုသည်။ ပုဂံဘုရင် မင်းယဉ်နရသိင်္ခမှ ဘုရင်ခံအဖြစ် အုပ်ချုပ်စေသူမှာ ညီနောက်ခြောက်ဦးအနက် အကြီးဆုံးသူ ဝါသုဒတ္တြဖစ်သည်။ ထို့နောက် ပသီကုလားမင်းများဝင်ရောက်လာကာ စိုးစံသောကြောင့် ပသီမြို့ဟုခေါ်တွင်ပြန်သည်။ တဖန် ပသီကုလားမင်းတို့ကို ဂုဏ္ဏာသာရနှင့် ဂုဏ္ဏာသာရီ အမည်ရှိ မွန်ညီနောင်က လုပ်ကြံပြီး ဆက်လုပ်အုပ်ချုပ်ကြသည်။ အစောဆုံး ခိုင်မာသည့် သမိုင်း အထောက်အထားမှာ ၁၅၈၆-၁၅၈၈အတွင်း မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့သည့် အင်္ဂလိပ်လူမျိုး ခရီးသွား Ralph Fitch ၏ မှတ်တမ်း ဖြစ်ပြီး ၎င်းက Cosmin မြို့ဟု မှတ်သားခဲ့သည်။ ထိုစဉ်က မွန်အမည် "ကောသမိန်" (ကော=ကျွန်း၊ သမိန်=မင်းသား) အား အင်္ဂလိပ်အသံထွက်ဖြင့် မှတ်သားသွားခြင်း ဖြစ်နိုင်သည်ဟု ခန့်မှန်းကြသည်။ မြန်မာတို့က ကောသမိန်မြို့အား "မင်းသားကျွန်း" ဟုခေါ်ကြသည်။ သမိုင်းမှတ်တမ်း အတော်များများတွင် ပုသိမ် ကို ကုသိမ် ဟူ၍လည်းတွေ့ကြပါသည်။

သို့သော် ပုသိမ် ဟူသောဝေါဟာရ၏ အစမှာ အာရတ်၊ အိန္ဒိယ ကုန်သည်များမှ အစပြုခဲ့ခြင်း ဖြစ်သည်။ အာရပ်/ပါရှန်း ကုန်သည်များ များပြားရာ မြို့ဖြစ်သောကြောင့် မြန်မာဘာသာဖြင့် "ပသိ" (မြန်မာမွတ်စလင်မ်မြို့) ဟု ခေါ်တွင်ရာမှ ကာလကြာသော် ပုသိမ်ဟူ၍ ဖြစ်လာခဲ့သည်။

ပုသိမ်သို့ အင်္ဂလိပ်များ ပထမဆုံးရောက်ရှိချိန်မှာ အလောင်းမင်းတရားလက်ထက်တွင် ဖြစ်သည်။ မွန်-မြန်မာစစ်ပွဲတွင် မြန်မာတို့အား ကူညီခဲ့သောကြောင့် ပုသိမ်မြို့ပေါ်တွင် မြေကွက်တစ်ကွက် ရရှိခဲ့သော်လည်း နောက်တွင် မွန်သူပုန်များအား ကူညီသည်ဟုဆိုကာ အခွင့်အရေးများ ပြန်လည်ရုတ်သိမ်း ခံခဲ့ရသည်။ အင်္ဂလိပ်-မြန်မာ ပထမစစ်တွင် အင်္ဂလိပ်တို့ ပုသိမ်မြို့ကိုသိမ်းပိုက်ထားခဲ့ပြီး၊ ၁၈၂၆တွင် ပုသိမ်ခံတပ်မြို့ကို တည်ဆောက်ခဲ့သည်။ ထို့နောက် ရန္တပိုစာချုပ်အရ မြန်မာတို့အား ပြန်လည်ပေးအပ်ခဲ့ကာ၊ ဒုတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲအပြီးတွင် ဗြိတိသျှအင်ပါယာ လက်အောက်သို့ သွတ်သွင်းနိုင်ခဲ့သည်။ ပုသိမ်မြို့အားလည်း အင်္ဂလိပ်လေသံဖြင့် Bassein ဟုခေါ်တွင်စေသည်။ ယခုအခါတွင်ပုသိမ်မြို့သည် အောက်မြန်မာပြည်အတွက် အရေးပါသော ကုန်သွယ်ဆိပ်ကမ်းမြို့ဖြစ်လာခဲ့သည်။
ပုသိမ်မြို့သည် ယခင်က မွန်တို့ပိုင်နက်ဖြစ်ခဲ့သော်လည်း မွန်လူမျိုး အနည်းငယ်သာ နေထိုင်ကြပြီး မြန်မာလူမျိုးမှာ အများစုဖြစ်သည်။ ထို့အပြင် ရခိုင်လူမျိုးနှင့် ကရင်လူမျိုး အများအပြားလည်း နေထိုင်ကြသည့်အပြင် အိန္ဒိယ၊ တရုတ်အနွယ်များ လူနည်းစုအဖြစ်နေထိုင် ကြသည်။ ပုသိမ်မြို့၏ လူဦးရေ အများစုမှာ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြပြီး ကရင်လူမျိုး ကတ်သလစ်နှင့် နှစ်ခြင်းခရစ်ယာန်များ အများအပြား ရှိသည်။ ထို့အပြင် ဟိန္ဒူ နှင့် မူဆလင်များလည်း အနည်းငယ်စီ ရှိကြသည်။
ဧရာဝတီတိုင်းသည် မြန်မာနိုင်ငံ၏ စပါးကျည်ကြီး ဖြစ်သည့်အားလျော်စွာ ပုသိမ်မြို့သည် ဆန်စပါး ကျိတ်ခွဲ၊ တင်ပို့ရာ ဗဟိုချက်မ ဖြစ်သည်။ ထို့ကြောင့် ဆန်စက်နှင့် ဆန်သိုလှောင်ရာ ဂိုထောင်များ ပေါများလှသည်။ ကြိတ်ခွဲပြီး ဆန်များကို ရေကြောင်း၊ ကုန်းကြောင်း တို့ဖြင့် ရန်ကုန်နှင့် အခြားမြန်မာပြည် အနှံ့အပြားသို့ တင်ပို့သည်။ ပုသိမ် ဆိပ်ကမ်းသည် ဧရာဝတီတိုင်းအတွက် ပို့ကုန်၊ သွင်းကုန်များ မှာယူတင်ပို့ရာတွင် အရေးပါသော ဆိပ်ကမ်းလည်း ဖြစ်သည်။ ထို့အပြင် ပုသိမ်မြို့သည် အစိုးရပိုင် မှန်စက်ရုံ ရှိရာမြို့ဖြစ်ပြီး ပြည်တွင်းသုံး မှန်နှင့် ဖန်ထည် အမျိုးမျိုးကိုပါ ထုတ်လုပ် ဖြန့်ဖြူးသည်။ အသေးစားလုပ်ငန်းများ အနေဖြင့် ပုသိမ်ထီးလုပ်ငန်း များ၊ ငပိငါးခြောက်ငံပြာရည် လုပ်ငန်းများအပြင် ဟာလဝါလုပ်ငန်းများပါ ဖွံဖြိုးသည်။

မြစ်၊ ချောင်း၊ အင်းအိုင် ပေါများရာ မြစ်ဝကျွန်းပေါ်ဒေသဖြစ်ခြင်းကြောင့် ရေကြောင်းခရီးမှာ များစွာအရေးပါလှသည်။ ရေကြောင်းခရီးအား အဓိက အားကိုးရခြင်း ကြောင့်လည်း မြေပြန့်ဒေသများ နှင့် နှိုင်းယှဉ်လျှင် လမ်းပန်းဆက်သွယ်ရေး အနည်းငယ် နောက်ကျေနခဲ့သည် ဟုဆိုနိုင်သည်။ ယခင်က အခြားဧရာဝတီတိုင်းရှိ မြို့ရွာများနှင့် ဆက်သွယ်ရန် ရထားလမ်း၊ ကားလမ်း အချို့ ရှိခဲ့သော်လည်း ရန်ကုန်သို့ တစ်ညအိပ် ရေလမ်းခရီးဖြင့်သာ သွားလာနိုင်ခဲ့သည်။ သို့သော် လွန်ခဲ့သော ၁၅ နှစ်အတွင်း လမ်း၊ တံတားအချို့ဆောင်လုပ် ပြီးစီးခဲ့ခြင်းကြောင့် လမ်းပန်းဆက်သွယ်ရေး နှင့် ခရီးသွားလုပ်ငန်းများ အနည်းငယ် ဦးမော့လာခဲ့သည်။ ယခုအခါတွင် ရန်ကုန်မြို့ သို့ပြေးဆွဲသော မော်တော်ယာဉ် လိုင်းပေါင်း မြောက်မြားစွာ ပေါ်ထွက်လာပြီး ခရီးသွားလာချိန်မှာ ၄နာရီခန့်သာ ကြာမြင့်သည်။ လေ ကြောင်းခရီးအတွက် ပုသိမ်လေယာဉ်ကွင်း ရှိပြီး ပြေးလမ်း ၄၄၀ဝေပရှည် ကွန်ကရစ်ခင်း အမျိုးအစား ဖြစ်သည်။ မြန်မာ့လေကြောင်းမှ ရန်ကုန်-ပုသိမ်-သံတွဲ ခရီးစဉ် နှင့် ပုဂံလေကြောင်းမှ ရန်ကုန်-ပုသိမ်ခရီးစဉ်များ ပြေးဆွဲ ပေးနေသည်။ ထို့အပြင် ရေလမ်းခရီးမှာလည်း လူသုံးများဆဲ ဖြစ်သည်။
မြို့တွင်း ခရီးသွားလာရန် အတွက် မော်တော်ယဉ်လိုင်း အချို့ရှိပြီး စင်းလုံးငှား မော်တော်ယာဉ်များပါ ရှိသည်။ ယခင်က မြို့တွင်း သွားလာရေး အတွက် သုံးဘီးကား များကို တွင်ကျယ်စွာ အသုံးပြုခဲ့ကြ သော်လည်း နောက်ပိုင်းတွင် လေးဘီးကား၊ ဒိုင်နာ၊ ဟိုင်းလပ် စသည်တို့ဖြင့် အစား ထိုးခဲ့သည်။
ပညာရေးဘက်တွင်လည်း-
ပုသိမ်တက္ကသိုလ်
ပုသိမ်ပညာရေးကောလိပ်
ပုသိမ်နည်းပညာတက္ကသိုလ်
ပုသိမ်ကွန်ပျူတာတက္ကသိုလ်များ ရှိကြသည်။

ရွှေမုဋ္ဌောစေတီသည် ပုသိမ်မြို့လည်တွင် တည်ရှိပြီး ပါးစပ်ရာဇဝင် အရ အာသောက မင်းကြီးမှ ဘီစီ ၃၀၅တွင် စတင် တည်ခဲ့သည်။ ၁၁၅၁ အေဒီတွင် အလောင်းစည်သူ မင်းကြီးမှ ဉာဏ်တော် ၁၁မီတာ ထိမြှင့်တင် ခဲ့သည်ဟု ဆိုသည်။

လေးကျွန်းရန်အောင် ဖေါင်တော်ဦးစေတီသည်လည်း ပုသိမ်မြို့၏ ရေကြည်ဦးအရပ်တွင် တည်ရှိပြီး အလောင်းစည်သူ မင်းကြီး တိုင်းခန်း လှည့်လည်ရာတွင် ဖောင်တော်ဆိုက်ရာ အရပ်၌ စေတီတည်ခဲ့ခြင်း ကြောင့် ဖေါင်တော်ဦး စေတီဟု အမည်တွင် ခြင်းဖြစ်သည်။ ရေကြည်ကန်နှင့် ရေနောက်ကန် ရှိခြင်းကို အစွဲပြု၍ ရေကြည်ရေနောက် ဘုရား ဟုလည်း ခေါ်သည်။

ကန်သာယာပန်းဥယျာဉ်သည် ပုသိမ် တက္ကသိုလ်အနီး ကန်သုံးဆင့် ရေကန်နေဘးတွင် တည်ဆောက်ထားသော ပန်းဥယျာဉ် ဖြစ်ပြီး ပြခန်းများနှင့် ကစားကွင်းအချို့ ပါဝင်သည်။

မြို့ဝန်းကျင်စိတ်ဝင်စားဖွယ်ရာနေရာများမှာ မော်တင်စွန်းဘုရားပွဲ
ငဝန်မြစ်ကြောင်း အတိုင်း သင်္ဘောနှင့် စုံဆင်းသွားပါက ကပ္ပလီပင်လယ် ဝရှိ မော်တင်စွန်း အငူသို့ ရောက်ရှိ နိုင်သည်။ နှစ်စဉ် ရေကျချိန် ဖြစ်သည့် တပို့တွဲလ (ဖေဖေါ်ဝါရီ၊မတ်) ရောက်တိုင်း မော်တင်စွန်းဘုရားပွဲကို ခြိမ့်ခြိမ့်သဲ ကျင်းပေလ့ရှိသည်။ ကမ်းခြေတစ်လျှောက်တွင် ယာယီတဲများ ထိုးကာ ပင်လယ်ထွက် ပစ္စည်းများပါ ရောင်းချကြသည်။
ချောင်းသာကမ်းခြေသည်လည်း ပုသိမ်မြို့မှ ၄ဝ ကီလိုမီတာ သာကွာဝေး သော ကမ်းခြေ အပန်းဖြေ စခန်း ဖြစ်ပြီး ၁၉၉၀ခုနှစ် များတွင် စတင် လူသိများ လာခဲ့သည်။ ဈေးနှုန်းနှင့် အတန်းအစား အမျိုးမျိုးသော ဟိုတယ်နှင့် တည်းခိုးခန်းများ၊ ပင်လယ်စာ စားသောက်ဆိုင် များရှိသည်။
ငွေဆောင်ကမ်းခြေမှာ
ပုသိမ်မြို့မှ ၄၈ကီလိုမီတာ ကွာဝေးပြီး ၂၀ဝ၀ခုနှစ်တွင် စတင်ဖွင့်လှစ် သော ကမ်းခြေ အပန်းဖြေ စခန်း ဖြစ်သည်။ မြန်မာနိုင်ငံ၏ အလှပဆုံးသော ကမ်းခြေများ စာရင်းတွင် ပါဝင်ပြီး ကြယ်ငါးပွင် စံချိန်မှီ ဟိုတယ်ကြီးများ ရှိရာ နေရာ ဖြစ်သည်။

ပုသိမ် ၃၂-မြို့
ရွှေတိုက်တော် စာရင်း ပုရပိုက်မှ၊ ယခု အမည်ကို နောက်ဆက်ကော်မာနှင့် ပြထားသည်။
ကျကျိုက်စတည်မြို့ ' ဟိုင်းကြီး'၊
ကျိုက်သရဲမြို့'မော်တင်'၊
ကျိုက်ခရံမြို့'ဘုရားလှ, ကျုံထူး'၊
ကျိုက်ထူပါရရုံ ကမ်းဖြူမြို့'မြစ်တရာ'၊
ကျိုက်ဇလဘမော် မြို့၊
ကျိုက်ပေဒါမြို့'ပန်းမဝတီ'၊
ကျိုက်အမွန်မြို့'ဆိပ်ကြီး'၊
ကျိုက်ဝှန်မြို့ 'ကျုံတုံးကံကြီး'၊
ကျိုက်ဇလဲထော်မြို့'မြောင်းမြမြို့ဟောင်း'၊
ကျိုက်မိမြို့'သစ်ရောင်းချောင်း'၊ (၁၀)
ကျိုက်ဓောမြို့'တကောင်း'၊
ကျိုက်ပိမြို့'ကျုံတေရာ်, ကျုံပျော်'၊
ကျိုက်မော်ဓော ထလျော် မြို့'ထောင်လုံ'၊
ကျိုက်သေထာမြို့'ရေကြည်ပန်းတော'၊
ကျိုက်ပတီသာရေဝါမြို့'မြို့ကွင်း'၊
ဘုရားကြီးသံသေတန်ခွန်မြို့ 'ဒမ္ဘီ'၊
ကျိုက် တုံလုံတောမြို့ 'မြန်အောင်'၊
ကျိုက်ပြိုတောင်မြို့ 'အင်္ဂပူ, အုတ်ဖို'၊
ကျိုက်ငူသုနန္ဒမြို့'မန်းကြာ'၊
ကျိုက်တောင်တော်မြို့'ပန်းတောကြီး '၊ (၂၀)
ကျိုက်မင်းပေတာမြို့'ကျောက်ချောင်းကေလး'၊
ကျိုက်အဝှန် ကျုံတုံးမြို့'ဘိုးတော်ဘုရားကြီး'၊
ကျိုက်ခရံဂေဟနံမြို့'ခေနံ '၊
ကျိုက်သေတာမြို့'ဘုရားကုန်း'၊
ကျိုက်ခေတ်ာတုံမြို့'ထန်းဖူး'၊
ကျိုက်ခရံထော်, ကျိုက်ဖြူမြို့'သိမ်ချောင်း, သာပေါင်း'၊
ကျိုက်နံကလံ တနပေဝါရိမြို့'ကျောက်ချောင်းကြီး'၊
ကျိုက်တည်မုဋ္ဌော -သြမင်းတုံးမြို့'ပန်းတေနာ်'၊
ကျိုက်သလွန်မွန် 'ဒေါင်းဖြူမြို့ ဓနုဖြူမြို့'၊
ကျိုက်အနန္ဒပူရမြို့ 'ဟင်္သာတ'၊ (၃၀)
ဟင်္သာတမြို့၊
ပုသိန်မြို့မ (၃၂)။ [၂] [၃]

မှတ်ချက်။ ။ အချို့စာမူတို၌ ဟင်္သာတမြို့ မပါ၊ ၃၁-မြို့သာ ရှိ၏။
ဝီကီပီးဒီးယားစွယ်စုံကျမ်းမှ ကူးယူဖော်ပြထားပါသည်။
Ven Cakkinda

ရိုးမပန်း
(ပြန်လည်မျှဝေသည်)

No comments:

Post a Comment