Latest News

Friday, May 6, 2016

ပုသိမ်မြို့နယ် သစ်ပုတ်တံခါးတောအတွင်း ဆင်သတ်ဂိုဏ်း အဖွဲ့များအား လက်နက်များနှင့်တကွ ဖမ်းဆီးရမိ


ပုသိမ်မြို့နယ် ချောင်းသာကျေးရွာအုပ်စု သစ်ပုတ်တံခါးတော အတွင်း၌ ဆင်သတ်ဂိုဏ်း အဖွဲ့ဝင်များအား မေ ၂ ရက် ညနေပိုင်းက လက်နက်များနှင့်တကွ ဖမ်းဆီးရမိခဲ့ပြီး မေ ၃ ရက် နံနက်ပိုင်းတွင် ဂိုဏ်းအဖွဲ့အား ဦးဆောင်သူ ဆိုသူကိုပါ ထပ်မံဖမ်းဆီး ရမိခဲ့ကြောင်း သတင်းရရှိသည်။


ဖြစ်စဉ်မှာ မေ ၂ ရက်တွင် ခလရ (၂၇)မှ ဗိုလ်ကြီး ဝေလင်းအောင် ဦးဆောင်သည့် တပ်စိတ် (၁) စိတ်နှင့် ဒေသဆိုင်ရာ တာဝန်ရှိသူများ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းသည့် အဖွဲ့မှ သစ်ပုတ်တံခါးတောအတွင်း ချောင်းသာ-ဆိပ်ကြီးမြေသား ကမ်းလမ်းဘေးရှိ ဦးရှမ်းကြီး တောင်ယာတဲ အနီးတွင် မသင်္ကာဖွယ် လူတစ်စု ရောက်ရှိနေကြောင်း သတင်းရရှိချက်အရ ၀င်ရောက် ရှာဖွေခဲ့ရာတွင် မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့နယ် နေဦးထွန်းရင် အသက် (၃၃) နှစ် အဘဦးစုန်၊ ကိုကျော်ရဲအောင် အသက် (၂၂) နှစ် အဘ ဦးရဲအောင်၊ ဦးအောင်မြင့် (ခ) ကိုပေါင် အသက် (၄၈) နှစ် အဘ ဦးခုန်၊ ကိုအောင်ပြည့်စုံ အသက် (၂၁) နှစ် အဘ ဦးလူ၊ ဦးမင် အသက် (၃၉) နှစ် အဘ ဦးလွှေကောက်တို့အား ဆင်သတ်ရာတွင် အသုံးပြုသည့် ပစ္စည်းများဖြင့် ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးချက်အရ ယင်းတို့ စခန်းချရာ တောအတွင်း၌ ဖွက်ထားခဲ့သည့် လက်လုပ်တူးမီး သေနတ်တစ်လက်၊ သေနတ်ပြုလုပ်ရာတွင် အသုံးပြုသည့် သံပိုက်လုံး နှစ်ချောင်း၊ ပစ်ခတ်ရာတွင် အသုံးပြုသည့် ယမ်းမှုန့်များနှင့် ကန့်များ၊ သံဘောသီးများနှင့် သုံးလက်မခန့်ရှိ ဆင်စွယ် အသေးတစ်ခုတို့အား ထပ်မံရှာဖွေ သိမ်းဆည်းရမိကြောင်း၊ အဆိုပါ ဆင်သတ်ဂိုဏ်းအား ဦးဆောင်သူဟုဆိုသော ဦးတင်အောင်ကိုမူ ပုသိမ်မြို့ရှိ ဘဏ်တစ်ခုတွင် ငွေသွားရောက် ထုတ်ယူနေသည့် အချိန်တွင် ထပ်မံ ဖမ်းဆီးရမိခဲ့ကြောင်း ဆင်သတ်ဂိုဏ်းများအား လိုက်လံဖမ်းဆီးခဲ့သည့် ပူးပေါင်းအဖွဲ့မှ သတင်းရသည်။



“မိတာတော့ မှန်တယ်။ အသေးစိတ်ကတော့ ပြောလို့မဖြစ်နိုင်သေးဘူး ခင်ဗျ၊ စစ်ဆေးဆဲကာလ ဖြစ်နေလို့ပါ။ စစ်ဆေးဆဲ အချိန်ဆိုတော့ အတိအကျ မသိရသေးလို့ပါ” ဟု ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ အဆင့်မြင့် အရာရှိ တစ်ဦးက ပြောကြားသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ဆင်သတ်ဂိုဏ်းမှဟု စွပ်စွဲခံရသူ ခြောက်ဦးအား ချောင်းသာ နယ်မြေရဲစခန်းမှ ဖမ်းဆီး ထိန်းသိမ်းထားပြီး အမှုတည်ဆောက် အရေးယူနိုင်ရန် ဆောင်ရွက်နေဆဲဖြစ်ကြောင်း သိရသည်။
Writer: မင်းသူဝင်းထွဋ် (မြောင်းမြ)
EMG

No comments:

Post a Comment