Latest News

Monday, May 2, 2016

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမန်းဂျော်နီနှင့် တွေ့ဆုံမေးမြန်းခြင်း

ဧရာဝတီတိုင်းဒေသကြီးမှာရှိတဲ့ပြည်သူတွေအနေနဲ့ ပြဿနာတစ်ခုဖြစ်လာရင် လာပြီးဆွေးနွေးကြပါ၊ အမြဲတမ်းတံခါးဖွင့်ထားပါတယ်

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမန်းဂျော်နီ

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမန်းဂျော်နီနှင့် တွေ့ဆုံမေးမြန်းခြင်း

တွေ့ဆုံမေးမြန်း-သီသီမင်း၊ ဓာတ်ပုံ-ဖြိုး

ပြည်သူများကရွေးချယ်တင်မြှောက်ခဲ့သည့် အရပ်သားစစ်စစ်အစိုးရသစ်လက်ထက်တွင် တိုင်းပြည်ဖွံ့ဖြိုးရေးကိစ္စများကို အကောင်းဆုံးဆောင်ရွက်နိုင်မည်ဟု ပြည်သူများက ယုံကြည်မျှော်လင့်လျက်ရှိသည်။

ပြည်သူများမျှော်လင့်နေသည့်အတိုင်း တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ အစိုးရအဖွဲ့များသည်လည်း ၎င်းတို့၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမန်းဂျော်နီနှင့် ကြေးမုံသတင်းအဖွဲ့တို့ တွေ့ဆုံမေးမြန်းခွင့်ရခိုက် လယ်ယာမြေပြဿနာများ၊ အစိုးရအဖွဲ့၏မူဝါဒနှင့် ဖွံဖြိုးရေးဆောင်ရွက်နေမှု များအား မေးမြန်းထားသည်များကို ရေးသားလိုက်ရပါသည်။

မေး။ ။လယ်သိမ်း၊ ယာသိမ်း၊ မြေသိမ်းနဲ့ ပတ်သက် တဲ့ ပြဿနာတွေက နိုင်ငံရဲ့ နေရာတော်တော်များများမှာ ဖြစ်နေခဲ့တယ်ပေါ့နော်၊ ဧရာဝတီတိုင်းဒေသကြီးမှာလည်း ဒီပြဿနာတွေက ဖြစ်ခဲ့တာဆိုတော့ ဝန်ကြီးချုပ်တို့ အစိုးရအဖွဲ့သစ်အနေနဲ့ ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ဒေသခံပြည်သူတွေရဲ့ လယ်ယာမြေပြဿနာတွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းသွားမယ်ဆိုတာ သိချင်ပါတယ် ရှင့်။

ဖြေ။ ။လယ်သိမ်း၊ ယာသိမ်းဆိုတာ အင်မတန်မှ အရေးကြီးတယ်။ တစ်တိုင်းပြည်လုံးမှာ ဖြစ်နေသလိုပဲ။ ဒီတိုင်းဒေသကြီးမှာလည်းဖြစ်တယ်။ ဒီတော့ တစ်နိုင်ငံလုံး ဖြစ်နေတာဆိုတော့ ထူးဆန်းတဲ့ကိစ္စတော့မဟုတ်ဘူး။ ဒါပေမယ့် ဖြေရှင်းပေးရမယ့်ကိစ္စဖြစ်တယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးမှာ မူချပြီးအစိုးရရဲ့မူ၊ တိုင်းဒေသကြီးအစိုးရရဲ့ မူကိုပြန်ချပြီး ရှေ့ဆက်လုပ်ဆောင်ဖို့ ဆုံးဖြတ်လိုက်တယ်။

သိမ်းခဲ့စဉ်အချိန်အခါနဲ့ အခုကမတူတော့ဘူး။ ဧရာဝတီတိုင်းဒေသကြီးမှာဖြစ်နေတဲ့ပြဿနာက အရင်သမ္မတ ဦးသိန်းစိန် သက်တမ်းမတိုင်မီကတည်းက ဖြစ်နေတာ။သိမ်းထားတာလည်း ဦးသိန်းစိန် မတိုင်မီကတည်းက သိမ်းထားတာ။ ဦးသိန်းစိန်သက်တမ်းတုန်းက ကျွန်တော်က လွှတ်တော်ထဲမှာရှိတယ်။ ဘယ်သူတွေသိမ်းလည်းဆိုတော့ တပ်ကသိမ်းမယ်။ တံတား၊ လမ်းဆောက်တဲ့ အခါသိမ်းမယ်။ နောက်တစ်ခါ ပြည်သူပြည်သားတွေအကျိုးအတွက် ဆေးရုံ၊ ကျောင်းဆောက်ဖို့ သိမ်းမယ်။ တပ်က သိမ်းတယ်ဆိုလည်း တပ်က လိုသလောက်ပဲသိမ်းရမယ်။ အများပြည်သူအတွက် တံတားဆောက်တယ်ဆိုလည်း လိုသလောက်ပဲသိမ်းရမယ်။ ကျောင်းတို့၊ ဆေးပေးခန်းတို့ ဆေးရုံတို့ဆိုလည်း လိုအပ်သလောက်ပဲသိမ်းရမယ်။စီးပွားရေးအကျိုးအမြတ်အတွက် သိမ်းတာတွေရှိတယ်။ ဒီလိုသိမ်းလိုက်ရုံနဲ့ မရဘူး။ အသိမ်းခံလိုက်ရတဲ့ မြေပိုင်ရှင်တွေကျ ဘာမှပြန်မပေးဘူးဆိုရင် သူတို့ရဲ့မိသားစုတွေ ဘယ်လိုရပ်တည်ကြမလဲ။ ဒါကို ကာလပေါက်ဈေးအတိုင်း လျော်ကြေးပေးရမယ်။ နောက်တစ်ခုက သိမ်းပြီးလေးနှစ် လောက်ကြာသွားတယ်။ ဘာမှမလုပ်ဘူးဆို ပြန်ပြီးပေးရမှာပါ။ဥပဒေတွေက ချပြီးသားဖြစ်တဲ့အတွက်ကြောင့် ဥပဒေအတိုင်းသွားမယ်။ ပထမဦးဆုံး လယ်ယာမြေဥပဒေအတိုင်း ကို လုပ်ပေးမယ်။ နောက်ပြီး ညှိနှိုင်းဆောင်ရွက်ပေးတာတွေ လုပ်ဆောင်ပေးမယ်။ အခုလည်း စတင်လုပ်ဆောင်ပေး နေပါတယ်။

မေး။ ။ဟုတ်ကဲ့။ ဝန်ကြီးချုပ်တို့ အစိုးရအဖွဲ့သစ် အနေနဲ့ ဧရာဝတီတိုင်းဒေသကြီးမှာ အဓိကရင်ဆိုင်ရမယ့် စိန်ခေါ်မှုက ဘာတွေဖြစ်မှာပါလဲရှင့် ။

ဖြေ။ ။ကျွန်တော်တို့ အစိုးရအဖွဲ့သစ်အနေနဲ့ လတ်တလောရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုက ခုနကပြောခဲ့တဲ့ လယ်ယာမြေသိမ်းတဲ့ ပြဿနာပေါ့။ ငွေဆောင်က လယ်သမားတွေနဲ့တွေ့တုန်းက သူတို့လယ်ယာမြေကိစ္စ တွေပြောတယ်။ နောက် ငွေဆောင်(အထက)ကျောင်းက လန ၃၉ ကျပြီးမြေကြီး။ အဲဒီမြေကြီးကို အာဏာပိုင်တွေက ခွဲစိတ်ပြီးရောင်းချလိုက်တဲ့အခါကျတော့ ကျောင်းကိုပြန်မ ပေးဘူးလားလို့ သူတို့ဆီက မေးခွန်းတွေမေးတယ်။ဘာ့ကြောင့်လဲဆိုတဲ့ မေးခွန်းတွေ၊ ဒီလိုမေးခွန်းတွေမေးတာ၊ ဒီလိုပြောတာကို အစိုးရအဖွဲ့အနေနဲ့ ပြည်သူတွေပူးပေါင်း ပါဝင်လာတယ်လို့မြင်တယ်။ ဒါကိုလက်ခံတယ်။ သူတို့ ဆီကမှ သိသင့်တာတွေ သိရတာလေ။

တစ်ဖက်က ဘယ်လိုပုံစံရှိလဲ။ ပြည်သူတွေက ဘယ်လိုပုံစံလိုချင်တာ။ အဲဒါတွေ အားလုံးညှိနှိုင်းပြီး လုပ်ပေးမယ်။ သေချာလေ့လာပြီးမှ စနစ်တကျ ဆက်လက် ကိုင်တွယ်ဆောင်ရွက်သွားရမှာတွေ ဖြစ်တဲ့အတွက် စိတ်ရှည်ဖို့တော့လိုတယ်။ ကိစ္စတစ်ခုက ချက်ချင်းလုပ် ချက်ချင်းပြီးတာမဟုတ်ဘူး။ ပြီးခဲ့တဲ့ အချိန်တုန်းက ဖြစ်ခဲ့ တာကို အခုကျမှ ပြုံပြီးတော့ လုပ်ရတဲ့အခါကျတော့ လုပ်ပေးမှာဖြစ်တဲ့အတွက် ပြောပြီး ဘယ်လောက်ကြာမှာလဲ ပုံစံမျိုးတော့ မလုပ်စေချင်ဘူး။ အဲဒီကြားမှာ ဘာပြဿနာမှ မဖြစ်အောင် စိတ်ရှည်ပေးကြစေချင်တယ်။

မေး။ ။ဧရာဝတီတိုင်းက စိုက်ပျိုးရေးနဲ့ မွေးမြူရေး လုပ်ငန်း အဓိကလုပ်ကိုင်တာဖြစ်တဲ့အတွက် ဝန်ကြီးချုပ် တို့ အစိုးရအဖွဲ့အနေနဲ့ လယ်ယာစိုက်ပျိုးရေးလုပ်ဆောင် နေသူတွေကို တစ်ဖက်တစ်လမ်းက ပံ့ပိုးကူညီမယ့်အစီ အစဉ်တွေရှိရင်လည်းသိချင်ပါတယ်ရှင့်။

ဖြေ။ ။စိုက်ပျိုးရေးလုပ်နိုင်ဖို့အတွက် စိုက်ဘဏ်ကနေ ငွေကို မစိုက်ခင် အချိန်မီထုတ်ပေးနိုင်ဖို့ အရေးကြီး တယ်။ အခုကြားနေရတာက စိုက်ပျိုးရေးအတွက်ငွေထုတ် ပေးမယ်ဆို စိုက်ပျိုးပြီးမှရတယ်လို့ကြားတယ်။ ဒါ့ကြောင့် စိုက်ဘဏ်ကနေပြီးတော့ ငွေကို အချိန်မီထုတ်ပေးနိုင်ဖို့ ကြိုးစားနေတယ်။ ဖြစ်အောင်လည်းလုပ်မယ်။ တချို့က ပြောတယ်၊ ပြီးခဲ့တဲ့နှစ်က ရာသီဥတုမကောင်းလို့ အကြွေး ပြန်မဆပ်နိုင်တာများတဲ့အတွက် စိုက်ဘဏ်ကဘယ်လို လုပ်မလဲ။ အဲဒီလိုမေးခွန်းတွေတက်လာတယ်။ အဲဒီလို မေးခွန်းတွေက တို့အစိုးရအဖွဲ့ကို ဘာလုပ်ရမယ်ဆိုတာ ညွှန်ကြားတာနဲ့ အတူတူပဲ။

စိုက်ဘဏ်က ပိုက်ဆံမရှိလို့မပေးဘူးပေါ့၊ ဒီလိုဆို ဇူလိုင်လဆို ဆပ်ထုတ်ဆိုပြီးလုပ်တာ ဘယ်က ပိုက်ဆံလဲ။ ဘယ်သူကလုပ်တာလဲ၊ စိုက်ဘဏ်ကို လာဆပ်တယ်၊ ဆပ်ပြီးတာနဲ့ ထုတ်လို့ရတယ်။ အဲဒီလိုမျိုးလုပ်လို့ရရင် အချိန်မီရောလုပ်ပေးလို့မရဘူးလား မေးတဲ့အခါကျတော့ ကန့်လန့်တိုက်တယ်ထင်တယ်။ တစ်ယောက်နဲ့တစ်ယောက် ကူညီချင်တယ်။ ရိုးသားတယ်၊ ဖြောင့်မတ်တယ်ဆိုဖြစ်ပါတယ်။ နားလည်မှုရှိသွားရင်အိုကေပဲ။ အခုဟာက အိတ်ထဲပဲ ထည့်ချင်နေကြတယ်။ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ စိုက်ပျိုးရေး၊မွေးမြူရေးသမားတွေ အဆင်ပြေစေဖို့အတွက် စိုက်ဘဏ်နဲ့ ညှိနှိုင်းသွားဖို့ရှိတယ်။ စိုက်ပျိုးရေးဝန်ကြီးကို လည်း ပြောထားတယ်။

ပြီးခဲ့တဲ့အပတ်ကလည်း အမေရိကန်အခြေစိုက် အဖွဲ့တစ်ဖွဲ့က လုပ်ကွက်ငယ် လယ်သမားတွေအတွက် လာပြီးဆွေးနွေးတာရှိတယ်။ သူတို့က မြေတစ်ဧက၊ ဧကဝက် ပိုင်အောင်လုပ်ပေးမယ်။ ပိုင်တဲ့မြေကို သီးနှံစိုက်ဖို့ သီးနှံမျိုးစေ့ထုတ်ပေးမယ်။ အဲဒီမြေမှာ နေအိမ်ပါဆောက်ပေးမယ်။ လယ်သမားတွေကို ပိုက်ဆံထုတ်ပေးတာထက်ပိုပြီး အဆင်ပြေတယ်။ လုပ်ငန်းမအောင်မြင်ရင် အလုပ်တကယ် မလုပ်လို့လား စောင့်ကြည့်ရေးအဖွဲ့က စောင့်ကြည့်နေမယ်။အဲဒါလုပ်ဖို့စဉ်းစားထားတယ်။ နောက်တစ်ဖွဲ့ကျတော့ အတူတွဲပြီး ဒီလယ်မြေမှာ အလုပ်လုပ်မယ်။ သူတို့က စက်တွေနဲ့ ထွန်ပေးမယ်။ ပြီးတဲ့အခါကျ ကုန်ကျစရိတ်ကို သူတို့က ပြန်နုတ်မယ်။ ကျန်တဲ့အမြတ်ကို မျှဝေစားမယ်လို့ ပြောတယ်။ ဒီအဖွဲ့ကတော့ လူကြီးတွေကိုမတင်ပြ ရသေးဘူး။ လာပြောတဲ့အခါ ပြောလိုက်တယ်။ ပါးစပ်ပြောတော့မလုပ်ပါနဲ့ တကယ်လက်တွေ့လုပ်ပါ ပြောလိုက် တယ်။ အဲဒါလေးတွေပြင်ဆင်ထားတာရှိပါတယ်။

မေး။ ။ဝန်ကြီးချုပ်တို့ အစိုးရအဖွဲ့သစ်က သက်တမ်းနုသေးတော့ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အခု လတ်တလောဆောင်ရွက်နေတာရှိရင် ပြောပြပေးပါရှင့်။

ဖြေ။ ။အခုက အစိုးရအဖွဲ့အနေနဲ့က ရက်ပိုင်းပဲ ရှိသေးတယ်လို့ပြောရမယ်။ ဖွံ့ဖြိုးရေးကိစ္စတွေက အချိန် အား၊ ငွေအားက လိုသေးတယ်။ ဒါပေမယ့် အခုလည်း အခက်အခဲဖြစ်နေတဲ့နေရာတွေ တကယ်သွားတယ်။တံတားကျိုးတဲ့ကိစ္စ၊ အရက်ချက်စက်ရုံကိစ္စ လူထုက မခံနိုင်ဘူး။ ကျန်းမာရေးထိခိုက်တယ်လို့ လာတိုင်တဲ့ အခါကျတော့ ချက်ချင်းသွားကြည့်တယ်။ စီးပွားရေးသမား လည်းမထိခိုက်အောင် စည်းကမ်းလိုက်နာဖို့ ပြည်သူကို လည်းစောင့်ရှောက်ဖို့ မှာခဲ့တယ်။ လူထုနဲ့ အမြဲထိတွေ့တယ်။

နောက်တစ်ချက်က စက်ဒေါင့်ကြီးမှာ ကမ်းပြိုတယ်။ ဒီကမ်းကို ဆက်မပြိုအောင်ဘယ်လိုလုပ်မလဲ။ ဒါတွေကို အင်ဂျင်နီယာနဲ့ ဆွေးနွေးထားတယ်။ ကမ်းပြိုတော့ အိမ်တွေပျက်တယ်။ အဲဒီလူတွေနေဖို့ မြေနေရာရှာပေး တယ်။ မြေနေရာကို ကိုယ့်ဟာကိုယ်ဝယ်ပြီး နေရာချပေးတာ။ ပြီးရင်အိမ်ဆောက်ပေးတယ်။ နောက်ဆောက်ပြီးသား အဆောက်အအုံတွေ ဖွင့်ပေးတာရှိတယ်။ ကျုံပျော်မှာလည်း ကျောင်းနှစ်ကျောင်း ဖွင့်ပေးခဲ့တယ်။

ဒေသခံလူတွေရဲ့ လူမှုရေးအခက်အခဲ၊ စီးပွားရေး အခက်အခဲကို လူထုနဲ့ လိုက်တွေ့ပြီး မြင်အောင်ကြည့်တယ်။ သူတို့မဲပေးလို့ရလာတဲ့အစိုးရ၊ သူတို့ရွေးပေးလိုက်တဲ့ပုဂ္ဂိုလ် သူတို့ဆီ ပြန်လာပါလားဆိုပြီး ဝမ်းသာကြတယ်။ လူထု အတွက် ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေက မကြာမီလာမယ်။ ဒါပေမယ့် အစိုးရသက်တမ်းက ရက်ပိုင်းပဲရှိသေးတော့ သူတို့အတွက် အလုပ်မလုပ်နိုင်သေးဘူး။ ရုပ်ပိုင်းဆိုင်ရာထက် စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲလာအောင်၊ ယုံကြည်မှု ရှိလာအောင် အရင်လုပ်ပေးတာဖြစ်တယ်။

မေး။ ။ဝန်ကြီးချုပ်တို့ အစိုးရအဖွဲ့သစ်အနေနဲ့ ငါးနှစ်တာကာလမှာ ဘယ်လိုမူဝါဒမျိုးနဲ့ ဆောင်ရွက်သွား မယ်ဆိုတာ သိပါရစေ။

ဖြေ။ ။ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ဧရာဝတီတိုင်းဒေသကြီး ၂၆ မြို့နယ်မှာ ခြောက်ခရိုင်က အုပ်ချုပ်ရေးမှူးတွေနဲ့တွေ့ တယ်။အားလုံး ၃၂ ယောက်ပေါ့။ တိုင်းအဆင့်အုပ်ချုပ်ရေးမှူး တွေခေါ်လိုက်ပြီးတော့ သူတို့နဲ့ဆွေးနွေးတယ်။ စီမံဘဏ္ဍာ ဝန်ကြီးကလည်း သူလုပ်မယ့်အပိုင်း သူပြောတယ်။ အုပ်ချုပ်ရေးမှူးတွေနဲ့ အားလုံးသော တိုင်းအဆင့်တွေကို မင်းတို့က ပြည်သူ့ဝန်ထမ်းတွေဖြစ်တဲ့အတွက် ပြည်သူ့ အကျိုးကို ကြိုးကြိုးစားစားလုပ်ရမယ်။ တို့အစိုးရကတော့ ပြည်သူက တိုက်ရိုက်အာဏာပေးထားတဲ့အတွက် ပြည်သူ့ အတွက် တာဝန်တွေအများကြီးပိုရှိလာပြီလို့ ခံယူတယ်။ ဒီမှာရှိတဲ့ ပြည်သူ့ဝန်ထမ်းတွေကလည်း ဧရာဝတီတိုင်း ဒေသကြီးနဲ့ ဧရာဝတီတိုင်းသားတွေ တိုးတက်ဖို့၊ တို့အစိုးရ အဖွဲ့ကလည်း ဧရာဝတီတိုင်းဒေသကြီးနဲ့ ဧရာဝတီတိုင်း သားတွေအတွက်လုပ်တာ ရည်ရွယ်ချက်က တူနေတဲ့အခါကျတော့ ဘာပြဿနာမှ ဖြစ်စရာမလိုဘူး။ ပွင့်ပွင့်လင်းလင်း ရိုးသားဖြောင့်မတ်စွာ လုပ်ဖို့၊ လက်တွဲဖို့ ဖိတ်ခေါ်ထားတယ်။တချို့ကလည်း ပါတယ်။ တချို့ကမပါချင်ဘူး၊ ဒီငါးနှစ် တာကကာလအတွင်း စာရိတ္တကိုအခြေခံပြီး ရှေ့ဆက် သွားမှာဖြစ်တယ်။ အားလုံးကထင်မယ်။ ဒီပုတ်ထဲက ဒီပဲတွေပဲလို့။ ဒါပေမယ့် စောင့်ကြည့်ပါ။ ထူးတယ်၊ မထူး ဘူး သိရပါလိမ့်မယ်။

မေး။ ။ဝန်ကြီးချုပ်အနေနဲ့ ဘာများထပ်မံဖြည့်စွက် ပြောကြားဖို့ရှိပါသေးလဲရှင့်။

ဖြေ။ ။တိုင်းဒေသကြီးမှာရှိတဲ့ ပြည်သူတွေအနေနဲ့ ပြဿနာတစ်ခုဖြစ်လာရင် လာပြီးဆွေးနွေးကြပါ။ကျွန်တော် တို့က အမြဲတမ်းတံခါးဖွင့်ထားပါတယ်။ တစ်ဦးချင်းပဲ ဖြစ်ဖြစ်၊ ငါးဦးလောက်ကပဲဖြစ်ဖြစ် စုပြီးလာပြီးဆွေးနွေးပါ။ဆွေးနွေး ခွင့်ပြုထားပါတယ်။ မလာဘဲနဲ့ မဆွေးနွေးဘဲနဲ့ လူအုပ်ကြီးတွေနဲ့လုပ်တာမျိုးတော့ မလုပ်ကြပါနဲ့။ အချိန်မရွေး လာပြီးဆွေးနွေးနိုင်ပါတယ်လို့ ပြောချင် ပါတယ်။

ဟုတ်ကဲ့ အခုလိုဖြေကြားပေးတာကျေးဇူးပါရှင့်။

MOI

No comments:

Post a Comment