Latest News

Sunday, May 29, 2016

ဦးဌေးဦး လမ်းကြောင်း လုံခြုံရေးယာဉ်ပေးထားသည့် ကိစ္စ တိုင်းအစိုးရအဖွဲ့ကို မေးမြန်းထားဟုဆို

ကြံ့ခိုင်ရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး၏ ဟင်္သာတမြို့နယ်တွင်း ခရီးစဉ်များတွင် လမ်းကြောင်း လုံခြုံရေးယာဉ်တန်းပေးအပ်ထားသည့် ကိစ္စရပ် နှင့် ပတ်သက်ပြီး ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့ထံသို့ တင်ပြ မေးမြန်းထားကြောင်း ဟင်္သာတမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကိုကို ကပြောကြားသည်။
“ဦးဌေးဦးက အစိုးရအဖွဲ့ဝင်တစ်ယောက်လည်း မဟုတ်သလို နိုင်ငံအကြီးအကဲတစ်ယောက်လည်း မဟုတ်ဘူး။ အဲဒီ ကိစ္စကို သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တင်ပြထားတယ်။ တိုင်းအစိုးရအဖွဲ့က ဆောင်ရွက်ပေးသွားမှာပါ” ဟု ဦးအောင်ကိုကိုက ဆိုသည်။
ဟင်္သာတခရိုင်အတွင်း ဒေသဖွံဖြိုးရေးလုပ်ငန်းများလုပ်ကိုင်ရန် သွားလာလျက်ရှိသော ဦးဌေးဦး၏ လမ်းကြောင်း ခရီးစဉ်များတွင် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော လုံခြုံရေး ယာဉ်တန်းကို အသုံးပြုလျက်ရှိသောကြောင့် ဒေသခံ အချို့၏ ကန့်ကွက်ဝေဖန်မှုများလည်း ထွက်ပေါ်လျက်ရှိသည်။
ယင်းကိစ္စရပ် နှင့် ပတ်သက်ပြီး ဟင်္သာတမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည် ဖြေဆိုခြင်းမရှိခဲ့ပေ။
သို့သော် ဟင်္သာတ မြို့နယ် ရဲသတင်းတပ်ဖွဲ့ထံ ထပ်မံမေးမြန်းရာ တွင် တာဝန်ရှိသူတစ်ဦးက “သူ့ယာဉ်တန်းနဲ့ သူ သွားနေတာပါ။ ကျန်တာတော့မသိဘူး” ဟုဆိုသည်။
ဦးဋ္ဌေးဦးသည် တပ်မတော်တွင် ဗိုလ်ချုပ်အဆင့် တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်ပြီး ကြံ့ခိုင်ရေးပါတီ ထိပ်ပိုင်းခေါင်းဆောင် တစ်ဦးဖြစ်ကာ၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ရွေးကောက်ခံခဲ့ရသူဖြစ်သည်။
၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ဟင်္သာတမြို့နယ်မှ ထပ်မံ ယှဉ်ပြိုင်ခဲ့သော်လည်း အနိုင်ရရှိခဲ့ခြင်းမရှိပေ။
-
The Voice

No comments:

Post a Comment