ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ် နေရာအနှံ့အပြားရှိ ကျေးရွာများတွင် သောက်သုံးရေရှားပါးမှု အခက်အခဲကြုံတွေ့နေပြီး အကူအညီများလိုအပ်နေကြောင်း သတင်းရရှိ သည်။
တောင်ကျချောင်းရေ မရတော့သည့်အပြင် ရေတွင်း၊ ရေကန်တို့တွင်လည်း အောက်ခံ မြေသားပေါ်သည့်တိုင် ရေခမ်းခြောက်မှုများပင် ဖြစ်ပေါ်နေခြင်းကြောင့် ဒေသခံများ သောက်သုံးရေ အခက်အခဲ ကြုံတွေ့နေကြခြင်းဖြစ်သည်။
“မနှစ်က ကျေးရွာ ၁၂ ခုလောက်မှာပဲ ရေရှားတယ်။ ဒီနှစ်မှာကျတော့ အယ်လ်နီညို ဖြစ်တဲ့ အတွက် ကျေးရွာပေါင်း ၃၀ နီးပါးအထိ ရေရှားပါးမှုတွေ ပိုများလာတယ်။ ကြံခင်း တစ်မြို့နယ်လုံးမှာ တော်တော်များများနေရာလေးတွေမှာ ရေလိုအပ်ချက်ရှိလာတယ်။ သုံးရေကော၊ သောက်ရေပါ အခက်အခဲတွေရှိနေတာကြောင့် အလှူရှင်တွေလိုအပ်နေပါတယ်”ဟု ကြံခင်းမြို့နယ် မီးသတ်ဦးစီးမှူး စောဝင်းမင်းကျော် က ပြောကြားသည်။
“မနှစ်ကဆိုရင် တောင်ကျချောင်းရေက သုံးလပိုင်း၊ လေးလပိုင်းလယ်လောက်ထိရသေးတယ်။ ဒီနှစ်ကျတော့ သုံးလပိုင်းလောက်ထဲက ရေကုန်နေပြီ။ ရေတွင်းတွေလည်း ရေခမ်းတာ မြေသားပဲ ကျန်လို့ ရေခပ်လို့မရတာတွေ ကြုံနေရတယ်။ မြို့ပေါ်မှာတောင် တချို့တွင်းတွေဆို အဲလိုဖြစ်တယ်” ဟု ၄င်းက ဆက်လက်ပြောကြားသည်။
အချို့ကျေးရွာများတွင် ပေနက်တူးသည့်တိုင် ရေမထွက်ခြင်းနှင့် တောင်ပေါ်ကျေးရွာတို့တွင် လည်း ရေတူးမရသည့် အခြေအနေတို့ရှိနေပြီး ရေတွင်း၊ရေကန်တို့မှာလည်း ရေခမ်းခြောက်မှု ကြုံတွေ့နေသဖြင့် ရေလှူဒါန်းမှုများကိုသာ စောင့်မျှော်နေကြရကြောင်း သိရသည်။
“ဒီနှစ်မှာ အပူချိန်များလွန်းတော့ သဘာဝရေကန်က ခမ်းလာတယ်။ ကျွဲနွားရော၊ လူတွေရော သုံးနေရတော့ ရေက မရှိသလောက်နည်းသွားပြီ။ ဒီမှာက တုံကင်လည်း တူးမရဘူး။ အ၀ီစိတွင်း လည်း မရဘူး။ မြို့နယ်က ရေကန် တူးပေးထားတာရှိပေမယ့် အဲဒီ့ကန်ကြီးကလည်း ရေ မတင်ဘူး။ အစောကြီး ကတည်းက ခမ်းသွားတာ။ လက်ရှိမှာ ဒေသခံတွေသောက်သုံးရေ အခက်အခဲ ကြုံနေရ တယ်”ဟု ပိုးစုကြီးကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဦးခင်မောင်အေးကပြောကြားသည်။
“ရေလာလှူတာရှိပေမယ့် ရေလိုတဲ့သူကများတော့ ရတဲ့ရေတစ်ပုံးလောက်ကိုပဲ ချွေတာ သုံးရတာ ပေါ့။ မလုံလောက်တော့ ရေကျန်သေးတဲ့ ချောင်းထဲသွားခပ်ရတယ်။ ချောင်းက တော်တော် ဝေးတယ်။ ဆိုင်ကယ်၊ စက်ဘီးမရှိတဲ့သူကျတော့လည်း ခြေလျင်သွားပြီး ခေါင်းရွက်ရတာပေါ့”ဟု ကံသာယာ ကျေးရွာမှ ဒေသခံတစ်ဦး က ပြောကြားသည်။
ကြံခင်းမြို့နယ်ရှိ သောက်သုံးရေရှားပါးသည့် ကျေးရွာများသို့ ရေလာရောက်လှူဒါန်းမှုများကို မီးသတ်ဌာနနှင့် ကုမ္ပဏီနှစ်ခုမှ ရေဘောက်ဆာကားများဖြင့် ကူညီပို့ဆောင်ပေးလျှက်ရှိပြီး မြို့နယ်ရေပေးဝေရေးအဖွဲ့မှလည်း ရေသွားရောက်လှူဒါန်းမှုတို့ရှိနေသော်လည်း သောက်သုံးရေ လိုအပ်ချက်များရှိနေဆဲဖြစ်ကြောင်းသိရသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်း သောက်သုံးရေရှားပါးနေသည့်ဒေသများသို့ သွားရောက်ကာ ရေလှူဒါန်းသည့် လူမှုကူညီရေးအဖွဲ့များအား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ စက်သုံးဆီထောက်ပံ့ပေးလျှက်ရှိပြီး အချိန်မရွေးအကူအညီတောင်းခံနိုင်ကြောင်း တိုင်းကျေးလက် ညွှန်မှူးက ပြောကြားထားသည်။
အောင်ကျော်မျိုး(ဟင်္သာတ)
No comments:
Post a Comment