Latest News

Monday, May 30, 2016

ငွေကျပ်သိန်းပေါင်း ကိုးထောင်ကျော် အတွက် အစိုးရသစ် စဉ်းစားပေးမည်မဟုတ်


မျိုးမင်းပိုင်
စည်ပင်ဝန်ထမ်းများ စိုက်ထုတ် သုံးစွဲထားသော ငွေကျပ်သိန်းပေါင်း ကိုးထောင်ကျော်ကို အစိုးရသစ် အနေဖြင့် စဉ်းစားပေးမည် မဟုတ်ကြောင်း ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့ စည်ပင်သာယာရေး ၀န်ကြီး ဦးကျော်မြင့်က The Messenger Media သို့ ပြောကြားသည်။
ယခင်တာဝန်ယူခဲ့သော ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးသိန်းအောင် လက်ထက်တွင် ဆောင်ရွက်ခိုင်းခဲ့သည့် ကွန်ကရစ်လမ်းများ အပါဝင် ရေပေါ် ဈေးတိုးချဲ့ဆောင်နှင့် အဆင့်မြင့် အိမ်သာ တည်ဆောက်ရေး လုပ်ငန်းများ အတွက် ကုန်ကျငွေ၊ ငွေကျပ်သိန်း ပေါင်းကိုးထောင်ခန့်ကို စည်ပင်ဝန် ထမ်းများက စိုက်ထုတ်သုံးစွဲထား ခြင်းဖြစ်သည်။
““ဘတ်ဂျက်ထဲမှာ မပါတော့ ပေးစရာလည်း မလိုဘူး။ အဲဒီသဘောတော့ ရှိတယ်။ စိုက်ထားတာ ကတော့ စိုက်ထားတဲ့ သူခံပေါ့။ အစိုးရသစ် အနေနဲ့ကတော့ ဘတ်ဂျက်မှာ မပါတဲ့ အတွက် ပေးဖို့အစီအစဉ် မရှိဘူး။ မစဉ်းစားဘူး”” လို့ ဦးကျော်မြင့်က ဆိုပါသည်။
ဝန်ကြီးချုပ် ဦးသိန်းအောင် ဦးဆောင်သည့် အစိုးရအဖွဲ့သက်တမ်းမကုန်မီ ပုသိမ်မြို့နယ် စည်ပင်သာယာရေး အဖွဲ့အနေဖြင့် ၂၀၁၆-၁၇ ဘတ်ဂျက်နှစ်မှ ရရှိလာမည့် ဘတ်ဂျက် ငွေကျပ်သိန်းပေါင်း ရှစ်ထောင့်လေးရာ လေးဆယ့်တစ်သိန်းကို ကြိုတင်သုံးစွဲကာ ပုသိမ်မြို့နယ် အတွင်း ကွန်ကရစ်လမ်းများကို ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင်ယခင်အစိုးရ ဆောင်ရွက်ခိုင်းခဲ့သော ရေပေါ်ဈေးတိုးချဲ့ဆောင်နှင့် အဆင့်မြင်အိမ်သာ တည်ဆောက်ရေး အတွက် ကျပ် (၁၄၉၁) သိန်းကိုလည်း ငွေပေးချေခဲ့ခြင်း မရှိဘဲ ပုသိမ်မြို့နယ် စည်ပင်သာယာရေး အဖွဲ့ တာဝန်ခံ အင်ဂျင်နီယာ ဦးရဲဝင်းအောင်က စိုက်ထားရခြင်း ဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီး စည်ပင်သာယာ ညွှန်ကြားရေးမှူး ဦးအောင်မင်းနိုင်က ၄င်းတို့အစိုးရအဖွဲ့ ကာလအတွင်း ဆောင်ရွက်ရန် ယခင်အစိုးရက တရားဝင်ခွင့်ပြုချက်ပေး ဆောင်ရွက်ခိုင်းခဲ့ခြင်း ဖြစ်ပြီး ယခုအခါ ငွေကျပ်သိန်းပေါင်း ရှစ်ထောင်ကျော်ကို ၄င်းနှင့်သူ၏စည်ပင်ဝန်ထမ်းများက ခေတ္တစိုက်ပေးထားရကြောင်း ပြောသည်။
ယင်းသို့ ဆောင်ရွက်ခဲ့မှုများသည် ရွေးကောက်ပွဲကာလ၌ ယင်းတို့၏ လုပ်ဆောင်မှုကို ပေါ်လွင်စေချင်သောကြောင့် ယခင်အစိုးရက ဆောင်ရွက်ခိုင်းခြင်း ဖြစ်ကြောင်း၊ ၀န်ထမ်းများ အနေဖြင့် သဘောတူညီမှု၊ ညှိနှိုင်းမှုများကို အရင်ရယူသင့်ကြောင်း ဦးကျော်မြင့်က ဆိုသည်။
အဆိုပါကိစ္စအတွက် တိုင်းဒေသကြီး စည်ပင်သာယာ ညွှန်ကြားရေးမှူး အပါဝင် စည်ပင်သာယာ ၀န်ထမ်း နှစ်ဆယ်ခန့်ကို တိုင်းဒေသကြီး သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး၊ ဒုတိယတိုင်း ရဲတပ်ဖွဲ့မှူးနှင့် အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးတို့ ပါဝင်သည့် စစ်ဆေးရေး အဖွဲ့မှ မတ်လအတွင်း စစ်ဆေးမှုများလည်း ပြုလုပ်ခဲ့ကြသည်။
““ဘတ်ဂျက် သဘော သဘာဝကတော့ ကြိုသုံးလို့မရဘူး။ ကြိုသုံးလည်း ကြိုသုံးတဲ့ငွေကို ဘတ်ဂျက်က ပေးလို့မရဘူး။ ဘတ်ဂျက်ရဲ့ စည်းကမ်းနဲ့အညီပဲ ပေးလို့ရတယ်။ တစ်ခုတော့ ရှိတယ်။ ဒီလမ်းတွေထဲမှာ (၁၆- ၁၇) ဘတ်ဂျက်မှာပါတဲ့ လမ်းဆိုရင်တော့ စဉ်းစားလို့ရမယ်။ ပြန်ရနိုင်တဲ့ အလားအလာတော့ ရှိတယ်”” ဟု ဦးကျော်မြင့်က ပြောသည်။
ယင်းသို့ စိုက်ထုတ်သုံးစွဲထားရခြင်း အတွက် တာဝန်ခံ အင်ဂျင်နီယာမှ အစိုးရဟောင်း၏ တာဝန်ယူမှု တာဝန်ခံမှုမရှိ တာဝန်ပေးအပ်ခြင်းနှင့် ၄င်း၏ ငွေကြေးနစ်နာမှုတို့ကို သနားငဲ့ညှာသောအားဖြင့် ဆောင်ရွက်ပေးပါရန် အစိုးရအဖွဲ့သစ်ထံ သနားခံစာ တစ်စောင်လည်း ပေးပို့ထားသည်။
““အစိုးရအဖွဲ့သစ် အနေနဲ့တော့ စဉ်းစားပေးမယ်လို့ ထင်တယ်။ ဘာဆက်လုပ်မလဲ ဆိုတာကတော့ ညွှန်ကြားရေးမှူး အပေါ် မူတည်တယ်။ ကိုယ်က ရုံးဝန်ထမ်းဆိုတဲ့ အတွက်တော့ သူ့ညွှန်ကြားချက် လိုက်နာရမှာပေါ့”” ဟု ကိုရဲဝင်းအောင်က ဆိုသည်။
၂၀၁၅ ခုနှစ်တွင် နိုင်ငံတော်က သမ္မတဦးသိန်းစိန်မှ ပေးအပ်ခဲ့သော မြို့နယ်စည်ပင်သာယာရေး အဖွဲ့ အကောင်းဆုံးဆုကို ပုသိမ်မြို့နယ် စည်ပင်သာယာရေး အဖွဲ့က ရရှိခဲ့သည်။
Messenger News Journal
ဆက်စပ်သတင်း

No comments:

Post a Comment