Latest News

Saturday, May 7, 2016

မြစ်ရေ ရုတ်တရက် မြင့်တက်လာမှုကြောင့် ညောင်ချောင်းသာကမ်းခြေ ပိတ်သိမ်းလိုက်ရ


မြစ်ရေမြင့်တက်လာမှုကြောင့် ပိတ်သိမ်းထားသည့် ညောင်ချောင်းသာ ကမ်းခြေကို တွေ့ရစဉ်
မြစ်ရေ ရုတ်တရက်မြင့်တက်လာမှုကြောင့် ညောင်ချောင်းသာကမ်းခြေ ညောင်ချောင်းသာ (ရန်ကင်းသာ) ကမ်းခြေကို ပိတ်သိမ်းလိုက်ရကြောင်း သတင်းရရှိသည်။

ညောင်တုန်းမြို့ ဧရာဝတီမြစ်နှင့် ပန်းလှိုင်မြစ်ဆုံရာနေရာတွင် သဘာဝအတိုင်း ဖြစ်ပေါ်လေ့ရှိသည့် သောင်ပြင်ပေါ်တွင် ရှိသည့် ညောင်ချောင်းသာကမ်းခြေ (ရန်ကင်းသာကမ်းခြေ) ၌ လွန်ခဲ့သော တစ်ပတ်ခန့်မှ စတင်ကာ မြစ်ရေများ ရုတ်တရက် မြင့်တက်လာခဲ့ကြောင်း၊ မြစ်ရေများပြန်လည်ကျဆင်းခြင်း မရှိသေးဘဲ ဆက်လက်မြင့်တက် နေမှုကြောင့် ကမ်းခြေရှိ ဆိုင်ခန်းများပါ ရေနစ်မြုပ်ပြီး ကမ်းခြေအား ပိတ်ထားရကြောင်း၊ လက်ရှိတွင် ခရီးသွားဝင်ရောက်မှုကို တားမြစ်ထားရကြောင်း သိရသည်။

"ကျွန်တော်တို့ ကော်မတီကတော့ ကမ်းခြေကိုပိတ်လိုက်ဖို့ စာထုတ်လိုက်တယ်။ အချို့ဆိုင်ခန်းတွေက စဖျက်နေပြီ။ ဒီနှစ်က ပိတ်သိမ်းတဲ့အချိန် စောတယ်ခင်ဗျ။ ရေတွေတက် လာတာကြောင့်ပေါ့။ အရင်နှစ်တွေတုန်းကဆိုရင် ကဆုန်လပြည့်နေ့လောက်အထိ ဖွင့်ပေးတာ။ အခုကျတော့ ရေတက်တာမြန်လို့ ပိတ်လိုက်ရတယ်" ဟု ရန်ကင်းသာကမ်းခြေ ကော်မတီမှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ညောင်တုန်းမြို့နယ် မီးသတ်ဦးစီးမှူး ဦးသန့်ဇင်ဝင်းက ပြောကြားသည်။

ယခုနှစ် ကမ်းခြေပိတ်သိမ်းလိုက်သည့် အချိန်မှာ ယခင်နှစ်များထက် အချိန်စောစွာ ပိတ်သိမ်းခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

"ရေက တက်နေတာ တစ်ပတ်နီးပါးလောက်ရှိပြီ။ ရေတွေက ဆိုင်တွေပါမြုပ်နေတော့ ခရီးသွားတွေတော့ မလာတော့ဘူး။ ဆိုင်ခန်းတွေ အကုန်လုံးနီးပါး မြုပ်နေတယ်။ ကမ်းခြေကိုကူးတဲ့ တံတားတောင် မြုပ်ခါနီး ဖြစ်နေပြီ" ဟု ညောင်တုန်းမြို့ခံ တစ်ဦးဖြစ်သူ ကိုဆင်ပေါက်က ပြောကြားသည်။

               
Writer: မင်းသူဝင်းထွဋ်

No comments:

Post a Comment