Wednesday, May 11, 2016
ကိုနေမျိုးဇင်ပြောပြတဲ့ ဧရာဝတီတိုင်း မြန်အောင်မြို့နယ် ထဲက ဆင်ပုံ ဆိုတဲ့ ရွာလေး
မနေ့က သွားရောက်ခဲ့တဲ့ ဧရာဝတီတိုင်း မြန်အောင်မြို့နယ်
ထဲက ဆင်ပုံ ဆိုတဲ့ ရွာလေး။
ကရင် တိုင်းရင်းသား အများစု နေထိုင်ကြတယ်။
ဘာသာတရား ငါးမျိုးလောက် ရှိတယ်။ စာဖြူ စာနီ၊ ခရစ်ယာန်၊ ဗုဒ္ဓဘာသာ။ ရိုးရာ နတ်ကိုးကွယ်သူ စသည်ဖြင့် အမျိုးမျိုး ရှိသော်လည်းပဲ အလွန်လေးစားစရာ ကောင်းတာက ဘာသာဝင်တွေ အားလုံးဟာ ရင်းနှီးချစ်ချင် စွာ အတူတူ လုပ်ကိုင် နေထိုင်ကြတာပါပဲ။
ဗရင်ဂျီ ဘုန်းကြီးနဲ့ ဗုဒ္ဓဘာသာ ဘုန်းကြီး ရယ်ရယ်မောမော ရပ်ရွာ အကျိုး အတူထမ်းဆောင်။
အဲဒီရွာလေးမှာ စာပေဟောပြောပွဲ ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျနော် ရယ် ဆရာထင်လင်းဦးရယ်။ ဆရာသဲအောင် ( Politic journal) ရယ် သွားရောက် ပြောဟောခဲ့ကြတယ်။ ကျနော်က စာရေး ဆရာ မဟုတ်တဲ့ အတွက် စာပေဟောပြောခြင်း မလုပ်တတ်ကြောင်း နိဒါန်းမှာ ကတည်းက တင်ပြပြီး ပြည်သူနိုင်ငံသားတွေ အတွက် အစိုးရသစ်လက်ထက် နိုင်ငံသားကောင်းတွေ အဖြစ် ကိုယ်စီတာဝန် ကျေပွန်ကြဖို့ အကြောင်းကို တတ်သလောက် မှတ်သလောက်သာ ပြောခဲ့တယ်။
စာရေးဆရာ ထင်လင်းဦးကတော့ ကျွမ်းကျင်စွာနဲ့ပဲ လူထုကို စည်းရုံးဟောပြောသွားနိုင်ပါတယ်။ ကျနော် က စာရေး ဆရာတွေ ဟောပြောနေတာ နားထောင်ရင်း စကားပြောစွမ်းရည် အင်မတန် ညံ့နေသေးတဲ့ ကိုယ့်ကို ကိုယ်သာ လေ့လာသင်ယူဖို့ စာပေများများဖတ်နိုင်တဲ့ အချိန်ယူဖို့ စဉ်းစားသုံးသပ်နေမိတယ်။
အဲဒီ ဆင်ပုံ ရွာလေးမှာ ရောက်တုန်း ရောက်ခိုက် အခြားသော ဒေသတွင်း စုံစီနဖါ ထွေတလာ အခြေအနေလေးတွေ စနည်းနာကြည့်မိတော့ ခေတ်ဟောင်းက မလွန်မြောက်သေးတဲ့ အချက် တချို့ကို တွေ့ရတယ်။
ရွာသူ ရွာသား အများစုဟာ အကြောက် တရားကြီးစိုးမှု အောက်က မလွန်မြောက်သေးတာ တွေ့ရတယ်။ ကြောက်လည်း ကြောက်ချင်စရာပဲကိုး။ ဆင်ပုံရွာ ဆိုတာ ယခင် တိုင်းဧရာဝန်ကြီးချုပ်ဟောင်း ဦးသိန်းအောင် ရဲ့ အမာခံနယ်မြေ ထူးကြီးမြို့နဲ့ အနီးဆုံး ရွာလေးလည်းဖြစ်တယ်။ ယခင် အာဏာရပါတီ အင်အား အကြီးဆုံးနဲ့ ကြီးစိုးခဲ့တဲ့ ရွာလေးလည်းဖြစ်ပါတယ်။
အစိုးရသစ်လက်ထက် တလကော်ျသက်တမ်း ရှိလာသည့်တိုင် အုပ်ချုပ်ရေး အဖွဲ့အစည်း ၀န်ထမ်းတချို့က ပြည်သူကို ထီမထင်တဲ့ အပြု အမူတွေ ရှိနေဆဲ ဖြစ်ကြောင်း ကြားသိရတယ်။ လက်တွေ့ မြင်ခဲ့ရတယ်။
ထွေအုပ်က ၀န်ထမ်းတချို့က ပြောတယ်ဆိုတဲ့ စကားတချို့ကိုလည်း ၀မ်းနည်းစွာ ပြန်ကြားခဲ့ရတယ်။ အထွေထွေ အုပ်ချုပ်ရေး ဌာန ဟာ အစိုးရ ရဲ့ အမိန့်ကို နားထောင်စရာမလိုဘူး။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် လက်အောက်က ပြည်ထဲရေး ၀န်ကြီးရဲ့ အမိန့်ကို ပဲ နာခံလိုက်နာနိုင်မယ် ဆိုတာမျိုး၊
ဒီမိုကရေစီ အစိုးရတက်ပြီ ဆိုပြီး ဟိုကြွသည်ကြွ လုပ်မယ် မကြံနဲ့၊ ပရမ်းပတာဒီမိုကရေစီဖြစ်လာရင် အချိန်မရွေး စစ်တပ်က အာဏာသိမ်းပစ် လိုက်မယ် ဆိုတာမျိုးကို အုပ်ချုပ်ရေး အဖွဲ့တချို့က ယနေ့ထိ ပြောနေဆဲဖြစ်ကြောင်း ကြားသိရတယ်။
ကိုယ်တွေ့အနေနဲ့ကတော့ ဆရာထင်လင်းဦး ဟောပြောနေချိန် ပွဲခင်း အရှေ့ညာဘက်ခြမ်းမှာ ထိုင်နေတဲ့ ကျနော့် ဘေးခုံကို ဘောင်းဘီဒူးဖုံးအတိုနဲ့ ပိန်ညှောင်ညှောင် လူငယ်တယောက်က လာထိုင်ပြီး မေးခွန်းတွေ လာမေးတယ်။
(လူငယ်) ဆရာ နံမည် ဘယ်လိုခေါ်လဲ တဲ့
နေမျိုးဇင် ပါ။
(လူငယ်) ဆရာ ဖုန်းနံပတ်လေး
၄၅၀၀၅၈၂၇၆ ပါဗျာ
(လူငယ်) အခုဒီလာတော့ ဆရာကိုယ်တိုင် ကားမောင်းလာခဲ့တာ ဟုတ်လား။
ဟုတ်ပါတယ်။
(လူငယ်)ဒါနဲ့ ဆရာ့ ကားနံပတ်လေး ပြောပါလား။
အန်။ မင်း က ရဲ လား။ ဘာလို့ ဒါတွေ မေးနေတာလဲ။
(လူငယ်)ဟုတ်ပါတယ် ဆရာ ကျနော် ရဲတပ်ဖွဲ့က ပါ။ ဆရာ့အကြောင်း အထက်ကို သတင်းတင်ပေးရမှာမို့ လာမေးတာပါ။
အေးကွာ ကားနံပတ်ထိတော့ ငါမဖြေနိုင်တော့ဘူး။ ဟိုးမှာ ကားရပ်ထားတယ် ကိုယ့်ဘာသာ သွားဖတ်တော့။ ဒါနဲ့ မင်းတို့က ထူးခြားသတင်းမို့လို့ တင်ရတာလား
(လူငယ်) ဟုတ်ပါတယ် ဆရာ
ဒါဆိုကွာ အခု ဒီမြို့ရွာတွေနဲ့မလှမ်းမကမ်းက ရိုးမတောင်ကြီးတွေ သစ်ခိုးသမားတွေကြောင့် တောတောင်ပြုန်းဖြစ်ကုန်ကြပြီ။ မင်းတို့ အဲဒီသစ်ခိုးသမားတွေသတင်း ရော မစုံစမ်းဘူးလား မဖမ်းဘူးလား။
(လူငယ်) ဖမ်းတော့ ဖမ်းပါတယ် ဆရာ
ဒီရွာမှာ ခိုးရောင်းနေတဲ့ မူးယစ်ဆေးတွေ၊ အရက်သေစာတရားမ၀င်ဆိုင်တွေ၊ လောင်းကစား ဒိုင်တွေသတင်းရော မင်းတို့ မစုံစမ်းဘူးလား
(လူငယ်) စုံစမ်းတော့ စုံစမ်းပါတယ် ဆရာ
အေး လုပ်သင့်တာကို လုပ် ကြားလား ရဲ လေး။
(လူငယ်) ဟုတ်ကဲ့ ဆရာ ဘယ်လိုမှ မမြင်ပါနဲ့ ဆရာ အထက်က မေးခိုင်းလို့ ကျနော်လည်း လာမေးရတာပါ ဆရာ
ဆရာချင်း ထပ်ပြီး သူ့ကို ခွင့်လွှတ်ဖို့ တောင်းပန်နေရှာသော ရဲ ဟုဆိုသည့် ပိန်ပိန် လူငယ်လေး ကျောပြင်ကိုကြည့်ရင်း မာန်တင်းတင်း ဟန်ပြင်းပြင်းဖြင့် စမာန်အချင်းချင်း ခုတ်နေရှာမည့် သူ့ အထက်အရာရှိ ဆိုသူတွေ မျက်နှာကို ပြေးမြင်လိုက်မိသည်။
ထို ရဲ လူငယ်လေး ထွက်သွားပြီးနောက် ရွာခံ လူငယ်လေးတယောက်က ထိုထိုင်ခုံလေး နေရာ ၀င်ထိုင်ကာ ရပ်ရွာထဲက အကြောင်းတွေကို ရင်ဖွင့်ပါတော့သည်။
မြန်အောင်မြို့နယ် ထဲက အချို့ ထွေအုပ် ရုံးခန်းတွေ၊ အချို့ အစိုးရ ရုံးခန်းတွေမှာ ယခင် နိုင်ငံတော် သမ္မတဟောင်း ဦးသိန်းစိန် ၏ ဓါတ်ပုံကို မဖြုတ်သေးသည့် အကြောင်း။ တရားစီရင်ရေး စနစ်ကို ယခုထိ မှန်ကန်အောင် မတည်ဆောက်နိုင်သေးသည့် အကြောင်း
ဧရာဝတီမြစ် အနောက်ဘက်ကမ်း ဒေသ တခုဖြစ်သော ပဒေါင်း ဘက်ခြမ်းမှ စစ်တပ်စခန်းများ အရှေ့တွင် အခုထိ တပ်ဆင်ထားဆဲဖြစ်သော တပ်မတော်သာ အမိ တပ်မတော်သာ အဖ ဆိုသည့် ဆိုင်းဘုတ်ကြီးများ ကို မြင်တိုင်း အလိုလို ကြောက်စိတ်များဝင်လာသည် အထိ မိမိတို့ကို ခြိမ်းခြောက်နေသလို ခံစားနေရကြောင်း စသည်ဖြင့် စသည်ဖြင့်
အမှန်တကယ် ပြောင်းလဲဖို့ ဆိုသည့် မျှော်မှန်းချက်များဖြင့် လက်သန်းလေးများကို မှင် အပေခံပြီး ပြည်သူက ရွေးချယ်ပေးခဲ့ကြသည့် အတွက် ပြည်သူ့ အစိုးရသစ်ဖြစ်ပေါ်လာပေပြီ။
ပြည်သူ့ အစိုးရသစ် က ပြည်သူ့ အာဏာကို ပြည်သူက အမှန်တကယ် ပိုင်ဆိုင်ခွင့်ရအောင် ကြိုးစားတည်ဆောက်နေသည်။
တအိမ်လုံးချွတ်ခြုံကျ ဂျုံးဂျုံးကျ စုတ်ပြတ်သတ်နေသော အိမ်ဆွေး အိမ်ပျက်ကြီးကို ဘယ်က စ ပြင်ဆင် အသစ်လဲသင့်သလဲ။ ဘယ်အရာကို အရေးတကြီး အစားထိုးရမည်လဲ ပြင်ဆင် စစ်ဆေး အသစ်ရွေးနေဆဲ ပူပူနွေးနွေး ကာလ တခုကို ဖြတ်သန်းနေရသည့် ယနေ့ အချိန်ကို အဆိုပါ ရွာသူ ရွာသားတို့လည်း နားလည်ကြသည်မို့
အရိပ် ကိုလိုသောကြောင့် နေပူပူ တချိန်ကိုတော့ဖြတ်သန်းကြရပေအုံးတော့အံ့
ဟု သက်ပြင်း တခုကို ချရင်း တောအုပ်ငယ်များ အတွင်းမှ ဆူညံစွာ ထွက်ပေါ်နေသော ပုစဉ်းရင်ကွဲသံများကို နားစွင့်နေမိပါတော့သည်။
ထို ဆင်ပုံ ဆိုသော ရွာလေးတွင် လျှပ်စစ်မီးလည်း မရှိပါ။ တယ်လီဖုန်းလိုင်းလည်း မမိပါ။ ဖုန်းပြောချင်လျှင် လယ်ကွင်းတွေထဲ သွားပြီး မမိတချက် မိတချက် ပြောရသည်။
တောင်သူတို့က ရိုးသားကြပါသည်။
ပြည်သူ ရွေးချယ်လိုက်သော ပြည်သူ့ ကိုယ်စားလှယ်များသာ အမှန်တကယ်ပြောင်းလဲဖို့ ဆောင်ရွက်ပေးကြရန် လိုပါသည်။
ရေအိုးစင်
Nay Myo Zin
May 7 at 8:39pm ·
ကိုနေမျိုးဇင်ပြောပြတဲ့ ဧရာဝတီတိုင်း မြန်အောင်မြို့နယ် ထဲက ဆင်ပုံ ဆိုတဲ့ ရွာလေး
Reviewed by timeayeyar
on
8:35 AM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment