Friday, May 27, 2016
ဥပဒေနှင့်မညီဘဲ မြေလွတ်မြေလပ်များတွင် ကန်တူးနေခြင်းအပေါ် တောင်သူလယ်သမား(၃၀၀)ခန့် ဆန္ဒထုတ်ဖော်တောင်းဆို
ပုသိမ် မေ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်ကာကွယ်ရေးအဖွဲ့(HRWD)မှ ဒါရိုက်တာ ဦးမြင့်နိုင်ဦးဆောင်၍ HRWD အဖွဲ့သားများအပါအ၀င် ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့၊ သဇင်ရေကျော်ကျေးရွာမှ တောင်သူလယ်သမား (၃၀၀)ခန့် တို့က နေ့လယ် ၁၁ နာရိခန့်တွင် ပုသိမ်မြို့၊ အမှတ်(၄)ရပ်ကွက်၊ ရှုခင်းသာရင်ပြင်မှ စတင်ကာ စီတန်းလှည့်လည်၍ ဆန္ဒထုတ်ဖော်ကြခြင်း ဖြစ်သည်။ ဦးဆောင်ဆန္ဒထုတ်ဖော်သူ HRWD မှ အမှုဆောင်ဒါရိုက်တာ ဦးမြင့်နိုင်က “ဆန္ဒထုတ်ဖော်ရခြင်း အကြောင်းကတော့ မြေလွတ်မြေလပ်မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေနှင့် မညီဘဲ ကန်တွေ တူးနေတာကို တားစာကျလျက်နဲ့ ဆက်လုပ်နေတာကြောင့်ပဲ။ လည်ဆည်ဝန်ကြီးနဲ့ တွေ့တာလည်း သုံးကြိမ်ရှိပါပြီ။ အကောင်အထည် ဆောင်ရွက်ခြင်း မရှိသေးပါဘူး”ဟု ပြောသည်။
သဇင်ရေကျော်ကျေးရွာမှ ဆန္ဒပြတောင်သူတစ်ဦးဖြစ်သူ ဦးမြင့်ဆွေကလည်း “ရွာနားမှာ ရှိတဲ့ မြေလွတ်မြေလပ်တွေကို ရွာသားတွေကို လုပ်ခွင့်မပေးဘဲ ရန်ကုန်က လာတဲ့သူတစ်ယောက်ကို ပေးတာတော့ လုံးဝမဖြစ်သင့်ပါဘူး။ ဒါဟာ ဥပဒေနဲ့လည်း မညီဘူးလို့ သိရပါတယ်။ တားစာထုတ်လျက်နဲ့ ဆက်လုပ်နေတာတော့ လွန်လွန်းပါတယ်။ လည်ဆည်ဝန်ကြီးနဲ့လည်း သုံးကြိမ်တွေ့ပြီးပြီ။ ခုထိ ဘာမှ မထူးသေးပါဘူး”ဟု ဆိုသည်။
“လျှောက်တဲ့သူက ကွင်းတွေ ခွဲပြီးလျှောက်တာပါ။ တစ်ခါတည်း ဧက ၈၀၀ လျှောက်တာတော့ လုံးဝမဖြစ်သင့်ဘူးလို့ ထင်ပါတယ်။ တားစာထုတ်ထားတာကို ရပ်မလိုလိုနဲ့ ဆက်လုပ်နေပါတယ်။ ဒါဟာ ဥပဒေကို ချိုးဖောက်တာလို့ ဆိုနိုင်ပါတယ်။ ကျွန်တော်တို့ရွာက လယ်မဲ့ယာမဲ့တွေဟာ အဲဒီအင်းချောင်းလေးတွေကို မှီပြီး အသက်မွေးနေရတာပါ။ အဲဒီလိုကြီး လုပ်တာတော့ မကောင်းပါဘူး။ လည်ဆည်ဝန်ကြီးအနေနဲ့ တအားနှောင်းနှေးနေတယ်လို့ ထင်ပါတယ်” ဟု သဇင်ရေကျော်ကျေးရွာမှ တောင်သူတစ်ဦးဖြစ်သူ ဦးရဲထွန်းက ပြောသည်။
ဆန္ဒထုတ်ဖော်သူများ၏ ကြွေးကြော်သံဗီနိုင်များကိုင်ဆောင်၍ ဆန္ဒထုတ်ဖော်ကြခြင်းဖြစ်သည်။ ကြွေးကြော်သံများမှာ အောက်ပါအတိုင်းဖြစ်သည်။
“သဇင်ရေကျော်ကျေးရွာအနီးရှိ အင်းချောင်းများအား ဒေသခံလုပ်သားများ လွပ်လပ်စွာ ရှာဖွေစားသောက်ခွင့်ရရှိရေး တို့အရေး…တို့အရေး…”
“သဇင်ရေကျော်ကျေးရွာအနီးရှိ ငါးကန်တူးနေခြင်းကို ချက်ချင်းရပ်ဆိုင်းပေးစေရေး တို့အရေး… တို့အရေး…”
“ဆန္ဒထုတ်ဖော်တောင်းဆိုချက်များ အမြန်ဆုံး ကွင်းဆင်းစစ်ဆေးပေးရေး တို့အရေး… တို့အရေး…”
“ သဇင်ရေကျော်ကျေးရွာအနီးတွင် ငါးကန်တူးနေသူများအား မြေလွတ်မြေလပ်မြေရိုင်းဥပဒေနှင့်အညီ အမြန်ဆုံး စိစစ်ဆုံးဖြတ်ပေးပါ”
“သဇင်ရေကျော်ကျေးရွာတစ်ဝိုက်တွင် ငါးကန်တူးဖော်နေသူများ၏ မြေများကို စစ်ဆေး၍ မူလလက်ငုတ်တောင်သူများနှင့် လယ်မဲ့ယာမဲ့ ရွာသားမျာအား ခွဲဝေချထားပေးပါ”
လယ်မဲ့ယာမဲ့ တောင်သူတစ်ဦးဖြစ်သူ ဒေါ်မြင့်စန်းကလည်း “သက်ဆိုင်ရာအစိုးရအဖွဲ့တွေအနေနဲ့ ဥပဒေနှင့်အညီ ကွင်းဆင်းစစ်ဆေးတာတွေ၊ ဆုံးဖြတ်ချက်ချတာတွေ မလုပ်ဆောင်မချင်း ဆန္ဒပြပွဲတွေကို ဆက်လုပ်သွားဖို့ ရှိပါတယ်”ဟု ဆိုသည်။
သဇင်ရေကျော်ကျေးရွာသည် အင်းချောင်းများထဲတွင် အိမ်များဆောက်လုပ်၍ ရေလုပ်ငန်းဖြင့် အသက်မွေးကြသည့် တောင်သူလယ်သမားများ နေထိုင်သည့် ကျေးရွာတစ်ရွာဖြစ်သည်။
Myo Naing Oo (Newser)
ပုသိမ် မြင်ကွင်းစုံ
Labels:
Agriculture,
Daily Popular,
News,
Nyaung Tone,
Video
ဥပဒေနှင့်မညီဘဲ မြေလွတ်မြေလပ်များတွင် ကန်တူးနေခြင်းအပေါ် တောင်သူလယ်သမား(၃၀၀)ခန့် ဆန္ဒထုတ်ဖော်တောင်းဆို
Reviewed by timeayeyar
on
6:36 AM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment