Latest News

Friday, May 27, 2016

ညောင်တုန်းမြို့နယ်တွင် မြေလွတ်မြေရိုင်းများအား ငါးမွေးကန်အဖြစ် တူးဖော်ခြင်း ရပ်တန့်ရန် ဒေသခံများ ဆန္ဒထုတ်ဖော်


မျိုးမင်းထွန်း (မြစ်မခ)

ညောင်တုန်း၊ မေလ(၂၇)ရက်။

ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ သဇင်ရေကျော်ကျေးရွာအနီးရှိ မြေလွတ်မြေရိုင်းများကို ငါးမွေးကန်တူးဖော်နေသည့်ကိစ္စအား ဖြေရှင်းခြင်းပေးခြင်းမရှိသည့်အတွက် ဒေသခံ လယ်သမား(၁၅၀) ကျော်က ပုသိမ်မြို့တွင် မေလ(၂၇)ရက် နံနက်(၁၁း၀၀)နာရီအချိန်တွင် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရှိရသည်။

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ရေးရာ ၀န်ကြီး ဦးဘဟိန်း နှင့်(၃)ကြိမ်တိုင် တွေ့ဆုံတင်ပြခဲ့သော်လည်း ဖြေရှင်းပေးခဲ့ခြင်းမရှိသဖြင့် ဒေသခံ လယ်သမားများက ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။

“မြေသိမ်းခံရတဲ့ လယ်သမားတွေ၊ လယ်မဲ့ယာမဲ့တွေကို ချပေးပါဆိုတာကို ဒီနေ့အထိ ဆင်းမစစ်ပါဘူး။ ညောင် တုန်းမှာကလည်း ငါးကန်တူးတာ မြေတွေကုန်သလောက်ဖြစ်နေပြီ။”ဟု ဆန္ဒဖော်ထုတ်ပွဲကို ဦးဆောင်သူ ဦးမြင့်နိုင်က ပြောသည်။

သဇင်ရေကျော်ကျေးရွာအနီးရှိ မြေလွတ်မြေရိုင်း ဧက ၄၀၀ ကို ဧရာဝတီတိုင်း ၀န်ကြီးချုပ်ဟောင်း ဦးသိန်းအောင် အမိန့်ဖြင့် ချထားပေးခဲ့သည်မှာ ဥပဒေနှင့် ကိုက်ညီမှုရှိမရှိ ကွင်းဆင်းစစ်ဆေးပေးပြီး ကိုက်ညီမှု မရှိပါက ဖျက်သိမ်းပေးပါရန် တင်ပြခဲ့ကြောင်း သိရသည်။

လက်ရှိအထိ ကွင်းဆင်းစစ်ဆေးပေးခြင်း မရှိသည့်အပြင် ဒေသခံများလုပ်ကိုင်ခြင်းကို တားမြစ်ထားပြီး ငါးကန်တူးဖော်နေမှုကို ဆက်လက်လုပ်ကိုင်ခွင့်ပြုထားသဖြင့်  ဆန္ဒထုတ်ဖော်ရခြင်း ဖြစ်ကြောင်း သိရသည်။

သဇင်ရေကျော်ကျေးရွာအနီးရှိ အကွက်အမှတ် ၉၆၉ ဆ၊ ဈ၊ ည တွင်ပါဝင်သည့် အဆိုပါမြေများမှာ မြေလွတ် မြေရိုင်းများဖြစ်ပြီး ယခင်ဧရာဝတီတိုင်းအစိုးရ ၀န်ကြီးချုပ် ဦးသိန်းအောင်က လယ်ယာမဲ့နေသည့် ဒေသခံများကို ၁ ဦးလျှင် ၂ ဧကနှုန်းဖြင့် ဧက ၆၀၀ ကျော်ပေးအပ်ခဲ့ပြီး လုပ်ငန်းရှင်များအား ဧက ၄၀၀ ကျော်ကို ၂၀၁၅ ခုနှစ်က ပေးအပ်ခဲ့ကြောင်း သိရသည်။

“လုပ်ငန်းရှင်တွေက ကျွန်တော်တို့ရွာမှာလာပြီးတော့ ငါးကန်တွေတူးနေပါတယ်။ လုပ်ငန်းရှင်တွေကို ဧက ရာနဲ့ချီချထားပေးတာ မကျေနပ်လို့၊ နောက်ပြီးတော့ ကျွန်တော်တို့ရေလုပ်သားတွေ ရှာဖွေစားသောက်တဲ့ နေရာတွေကို ငါးကန်တူးတာ မကျေနပ်လို့ ဆန္ဒဖော်ထုတ်တာပါ။”ဟု ဆန္ဒပြပွဲဦးဆောင်သူ သဇင်ရေကျော် ကျေးရွာမှ ဦးဟင်သန်းက ပြောသည်။

ဆန္ဒဖော်ထုတ်သူများသည် ငါးကန်တူးဖော်နေခြင်းကို ချက်ခြင်းရပ်ဆိုင်းပေးရေး၊ ဆန္ဒဖော်ထုတ် တောင်း ဆိုချက်များကို အမြန်ဆုံးကွင်းဆင်းစစ်ဆေးပေးရေးနှင့် ရွာအနီးရှိ အင်းချောင်းများအား ဒေသခံရေလုပ်သား များ လွပ်လပ်စွာရှာဖွေစားသောက်ခွင့်ရရှိရေးစသည့် ကြွေးကြော်သံများ အော်ဟစ်ကာ ပုသိမ်မြို့၏ လူစည်ကားရာ နေရာများနှင့် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးရှေ့တို့တွင် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

သဇင်ရေကျော်ကျေးရွာမှာ ညောင်တုန်းမြို့နှင့် ဆားမလောက်မြို့ကြားတွင်တည်ရှိပြီး အိမ်ခြေ ၉၀၀ ကျော်ရှိ ကာ လယ်ယာလုပ်ငန်းနှင့် ရေလုပ်ငန်းကို အဓိကလုပ်ကိုင်သည့်ကျေးရွာတစ်ခု ဖြစ်ကြောင်း သိရသည်။
myitmakhamediagroup

No comments:

Post a Comment