Latest News

Monday, April 18, 2016

တည်ဆောက်ပြီးစီးခဲ့သည်မှာ နှစ်နှစ်ခန့်သာ ကြာမြင့်သေးသည့် မော်တင်ကမ်းခြေရှိ ဇီးချိုင့်တံတား အုတ်တင်ကား ဖြတ်သန်းစဉ် ကျိုးကျမှုဖြစ်ပွား

ငပုတောမြို့နယ် မော်တင်ကမ်းခြေရှိ ဇီးချိုင့်ကျေးရွာအ၀င် ဇီးချိုင့်တံတားမှာ ဧပြီ ၁၈ ရက် နံနက် ၉ နာရီခန့်၌ အုတ်တင်ထားသည့် ကုန်ကားတစ်စီး ဖြတ်သန်းစဉ် ကျိုးကျမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

မော်တင်တောင်ခြေနှင့် ငွေတောင်ကမ်းခြေသို့ ဆက်သွယ်ထားသည့် ဇီးချိုင့်တံတားကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန နယ်စပ်ရေးရာဝန်ကြီးဌာန ရန်ပုံငွေဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အရှည် ပေ ၆၀၊ အကျယ် ၁၄ ပေရှိ သစ်သားတံတား တစ်စင်းဖြစ်ပြီး တံတားခံနိုင်ဝန်အားမှာ ခြောက်တန်ဖြစ်ကြောင်း၊ အဆိုပါနေ့ နံနက်ပိုင်းတွင် အုတ် ၁၅၀၀ ခန့် တင်ဆောင်ထားသည့် လီဖန်းအမျိုးအစား မော်တော်ယာဉ် ဖြတ်သန်းစဉ်တွင် တံတားအခန်းတစ်ခု ကျိုးပျက်သွားခဲ့ကြောင်း သိရသည်။

“တံတား ခံနိုင်ဝန်အားက ခြောက်တန်ဆိုတော့ တံတားအရည်အသွေး ညံ့တာလား၊ တန်ပိုယာဉ် ဖြတ်တာကြောင့်လားဆိုတာ အသေအချာ စိစစ်ရမယ်။ ကျွန်တော်လည်း နယ်မြေကို သွားရောက် လေ့လာပါဦးမယ်။ ဒီကိစ္စကိုလည်း လွှတ်တော်မှာ မေးခွန်းတင်မေးမြန်းသွားမှာပါ” ဟု ငပုတောမြို့နယ် မဲဆန္ဒနယ်မှ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇော်ရွှေက ပြောကြားသည်။

ဇီးချိုင့်တံတားမှာ မော်တင်စွန်းကမ်းခြေ နှင့် ငွေတောင်ကမ်းခြေကို အဓိက ဆက်သွယ်ထားသော တံတားတစ်စင်းဖြစ်ပြီး ပင်လယ်ဒီရေ တက်ချိန်တွင် ခရီးသွားများ လွယ်ကူချောမွေ့စွာ သွားလာနိုင်ရန် အရေးပါသည့် တံတားတစ်စင်းဖြစ်သည်။

Writer:
မင်းသူဝင်းထွဋ်

============

Eleven Media Group

No comments:

Post a Comment